Home သတင်း ဖလူး-သေဘောဘိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ကျဆုံးမှုရှိနေ

ဖလူး-သေဘောဘိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ကျဆုံးမှုရှိနေ

1040
Photo: CJ

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီ မြို့တောင်ဘက် ဝေါလေလမ်းပိုင်း ဘလယ်ဒိုကျေးရွာအနီးတွင် ယမန်နေ့ နို၀င်ဘာလ ၂၂ ရက်၊ ညနေ ၅နာရီခန့်အချိန်က စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်များအကြား တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်မြေပြင် သတင်းအရင်းအမြစ်တစ်ခုက“မနေ့က KNLA ပူးပေါင်းအဖွဲ့တွေက ဘလယ်ဒို ရွာနားက DKBA ဝါးတားဂိတ်နေရာဟောင်းနားမှာ စစ်တပ် စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်တာ ရှေ့တန်း ကရင်ရဲဘော်တွေကို ရိက္ခာပို့ပြီး ပြန်လာတာမှာ ကားပေါ် ပါတဲ့ ရဲဘော်တချို့ ထိကုန်တယ်၊ ထောက်ပို့ ရဲမေ ၂ ဦး အပါအ၀င် ရဲဘော် ၃ ယောက်ကျတယ်လို့တော့ ကနဦး သိရတယ်၊ ကျန်တဲ့သူတွေ ၄ ဦး ဒဏ်ရာရနေတာရှိတယ်၊ တိုက်ပွဲက ပြင်းထန်တယ်။ ထိခိုက်တာတွေကတော့ နှစ်ဘက်စလုံး ရှိနေတယ်၊”ဟု ပြောသည်။

၎င်းအပြင် ယနေ့ နံနက်အထိ ထိုဘလယ်ဒိုရွာ DKBA ဝါးတားဂိတ်နေရာဟောင်းအနီးလမ်းမတွင် စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း ၎င်းစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ဖြည့်စွက်ပြောသည်။

စစ်ကောင်စီဘက်မှ မေလ ၁၈ ရက်က စွန့်လွှတ်ထားရသည့် သေ့ဘောဘိုး စစ်စခန်းအား ပြန်လည်သိမ်းပိုက်ရန် ဆုံဆည်းမြိုင်ဘက်၊ ဖလူးသုံထပ်ကွေ့မြေ ၃ ကောင် ဘုရားကုန်းဘက်၊ လေးကေကော်မြောက်ဘက်နေရာများမှ ဒေသအပစ်ရပ်အဖွဲ့များ၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များနှင့် ပူးပေါင်းအင်အားဖြည့်ကာ စစ်ကြောင်း ၃ ခုဖြင့် KNLA ပူးပေါင်းအဖွဲ့များအား တိုက်ခိုက်နေပြီး အဆိုပါ ဘလယ်ဒို -သေ့ဘောဘိုး လမ်းပိုင်းနေရာတွင် တိုက်ပွဲ ဖြစ်နေသည်မှာ ၁ လအကျော် ကြာမြင့်လာနေပြီဖြစ်သည်။

“တိုက်ပွဲသံကတော့ အကြီးသံ၊ အသေးသံကတော့ နေ့တိုင်းကြားနေရတာပါပဲ၊ စစ်တပ်က DKBA နယ်ထဲမှာ အထိုင်ချပြီးစစ်ကြောင်းပတ်နေတာ၊ ဝေါလေလမ်းက DKBA တို့ BGF တို့ရဲ့ကားတွေ သွားလာနေတာဆိုတော့ စစ်တပ်က အရပ်၀တ်နဲ့ ပါပါလာတာမျိုးတွေကနေ စစ်ကူပို့နေတာတွေ ရှိတယ်။ အခုက ဘယ်အဖွဲ့က ဘာမှန်း မသိတဲ့ အခြေအနေ ဖြစ်နေတယ်။ လေယာဉ်ကလည်း ဗုံးကြဲမှာ ကြောက်ရ၊ အခုတလော စစ်တပ်က ပစ်တာက အတွဲလိုက် ရူးရူးဆိုပြီး အဆက်မပြတ်လက်နက်ကြီး ပစ်တာမျိုးတွေက တစ်ချိန်ထဲမှာ နေရာစုံကို လာကျ တာဆိုတော့ ရွာသားတွေက သောင်ရင်းမြစ်ဘေးမှာ ပဲနေနေရတယ်”ဟု သေ့ဘောဘိုး ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေအရ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီမြို့ တောင်ဘက်ဒေသအပါအဝင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မြ၀တီ-ဝေါလေ ဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် မြေပြင်စစ်ကြောင်းများမှ BGF တပ်များ နှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြင့် လုပ်ဆောင်လာနေသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်နေရသည့် အရေအတွက် ပိုတိုးလာနေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေကြသူများက ပြောသည်။