Home သတင်း လေးကေကော် စစ်ကောင်စီအမြှောက်ကုန်းဘက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဆက်ဖြစ်ပွားနေ

လေးကေကော် စစ်ကောင်စီအမြှောက်ကုန်းဘက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဆက်ဖြစ်ပွားနေ

1464

နိုဝင်ဘာလ ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီ မြို့တောင်ဘက် လေးကေကော်မြို့သစ် ရှုခင်းသာကုန်း အထက်ပိုင်းတွင် စစ် ကောင်စီ အမြှောက်ကုန်းဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

“ ခွေးကုန်း (လေးကေကော် အမြှောက်ကုန်း)ဘက်မှာ တိုက်ပွဲဖြစ်နေတယ်၊ မနေ့က နေ့ လည်ပိုင်းကတည်းကပဲ၊ အဲ့ကုန်းက စစ်တပ်က အမြှောက်နဲ့ဝေါလေသေ့ဘောဘိုးနေရာ စုံကို ပစ်ကူပစ်ထုတ်နေတာကို ကရင်အဖွဲ့ဘက်က ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့နဲ့ တန်ပြန်ပစ်ခတ်တာတွေလုပ်ပြီး တိုက်နေတယ်။”ဟု KNLA စစ်ရေးနယ်မြေသတင်း အရင်းအမြစ်က ပြောသည်။

ထို့အပြင် KNLA ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိသည်ဟုလည်း ၎င်းစစ်ရေးသတင်းအရင်းမြစ်က ဆက်ပြောသည်။

၎င်းက “သူတို့ စစ်တပ်က သေတာဒဏ်ရာရတာ တွေရှိနေတယ်။ သူတို့ စစ်တပ်က မြေတွင်းတွေ တူးပြီး နေနေရတယ်။ သူတို့က ဒရုန်းတွေကို ကြောက်နေကြတယ် ၊ စစ်လေယာဉ်ကို စစ်ကူခေါ်တာမျိုးတွေ လုပ်လာရင်တော့ တိုက်ပွဲက ပိုပြင်းလာမယ် ”ဟု ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေရှိ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်မရော၊ ခလယ် တံခွန်တိုင်၊ တောင်ကြာအင်း၊ ကော့ကရိတ်နှင့် မြ၀တီ-ဘလယ်ဒို-သေ့ဘောဘိုး၊ ဒေသ များတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြှင့် ဗုံးကြဲ တိုက်ခိုက်မှုများလုပ်ဆောင်နေသလို မြေပြင်တွင်လည်း KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီလေကြောင်းမှ ညစဉ် ကင်းထောက်ပျံသန်းမှုများကြောင့် ဒေသခံ များနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ညဆို ကင်းထောက်လေယာဉ်လား တိုက်လေယာဉ်လား၊ ဗုံးကြဲမယ့် ပုဇင်း (ရဟတ် ယာဉ်)လား မသိဘူးလာနေတော့ ခြံတွေ၊ လျှိုတွေ၊ ဘုန်းကြီးကျောင်းအောက်တွေမှာ ရှောင်ပြီးအိပ်ကြရတယ်၊ အိမ်မှာ မနေရဲဘူး၊ နေ့ဘက်ဆိုလည်း BGF စစ်ကားတွေ ၊ စစ် သားကားတွေက တစ်ခါသွား ၁၀ စီး၊ ၁၅စီးဖြတ်သွားနေတော့ ရွာနားမှာ တိုက်ပွဲဖြစ် တာကြုံရမှာ ကြောက်နေကြတယ်”ဟု ထို ကော့ကရိတ်ဒေသခံက ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၂၂ ရက်နေ့က မြဝတီတောင်ဘက် ဖလူး-သေ့ဘောဘိုး ကား လမ်းပိုင်းတွင် KNLA ပူးပေါင်းအဖွဲ့များ ရိက္ခာပို့သည့်ယာဉ် စစ်ကောင်စီတပ်မှ ကြားဖြတ် တိုက်ခိုက်သည့် တိုက်ပွဲဖြစ်စဉ်အပြီး KNLA ပူးပေါင်းအဖွဲ့များနှင့် လေးကေကော် မြို့သစ် စစ်ကောင်စီအမြှောက်ကုန်းနေရာဘက်တွင် ဆက်လက်၍ တိုက်ပွဲ ဖြစ်ပွားလာနေခြင်းဖြစ်သည်။