Home သတင်း ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ’ မှတ်တမ်းစာအုပ် BWU မိတ်ဆက်

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ’ မှတ်တမ်းစာအုပ် BWU မိတ်ဆက်

871

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ’ အမည်ရှိ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုထားသော မှတ်တမ်းစာအုပ် မိတ်ဆက် ပွဲကို မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women’s Union)မှ ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့တွင် Online အစီအစဉ်ဖြင့် Live လွှင့်၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲကို BWU တာဝန်ရှိသူများက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မှတ်တမ်းစာအုပ်ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို BWU ၏ တွဲဖက်အထွေ ထွေအတွင်းရေးမှူး(၁)ဖြစ်သူ မဇူးပဒုမ္မာက ယခုလို ရှင်းလင်းပြောကြားခဲ့သည်။

မဇူးပဒုမ္မာက “BWU အနေနဲ့ စတင် ဖွဲ့စည်းကတည်းက အမျိုးသမီးများတော်လှန်ရေးမှာ ပါဝင်မှု၊ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ဘဝဖြတ်သန်းမှုနဲ့ စစ်အာဏာရှင် စနစ်လက်အောက်မှာ တိုင်းရင်းသူအမျိုးသမီးတွေရဲ့ အခြေအနေကို ထင်ဟပ်နိုင်အောင် ကျမတို့ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ မှတ်တမ်းပြုစုတာကို အခုချိန် ထိ လုပ်ဆောင်နေပါတယ်။ ခြုံပြောရရင် နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခရာကျတဲ့ပါဝင်မှုကို သမိုင်းအချက်အလက်အဖြစ် ကျန်ရှိနေစေဖို့ ကျမတို့ က ဒီမှတ်တမ်းစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါတယ်။”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ စစ်ကျွန်စနစ်အောက်မှ ဖိနှိပ်ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများအား ရင်ဆိုင်ရင်း တော်လှန်ရေးတွင် အမျိုးသမီးများ ပါဝင်ခဲ့ ကြသည်မှာ ခေတ်အဆက်ဆက်ဖြစ်သော်လည်း အမျိုးသမီးများ၏ ပါဝင်မှု၊ ကိုယ်စားပြုမှုကို အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ယူခြင်းခံရမှုမှာ မရှိသလောက် ရှားပါး ပြီး BWU မှ စုစည်းထားသော အချက်အလက်များအရ စစ်တပ်က အာဏာသိမ်းစဉ်ကာလမှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအထိ မတရား ဖမ်းဆီးခံရသော အမျိုး သမီး အရေအတွက်မှာ (၂၆၃၆)ဦးရှိပြီး သေဆုံးသူမှာ (၃၄၄)ဦးအထိ ရှိနေသည်ဟုလည်း ယင်းစာအုပ်ထဲ၌ ဖော်ပြထားသည်။

ထို့အပြင် အဆိုပါမှတ်တမ်းစာအုပ်တွင် ကရင်နီ(ကယားပြည်နယ်)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မှ CDM အမျိုးသမီးဝန်ထမ်းများ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေသည့်အမျိုးသမီးများ၊ အိမ်ထောင်ရှင်မများ၊ အမျိုးသမီးအလုပ်သမားများ၊ ထောက် ပို့အမျိုးသမီးများ၊ မသန်စွမ်းအမျိုးသမီးများ၊ အွန်လိုင်းမှ Clicker များနှင့် လိင်ပိုင်းဆိုင်ရာခံယူချက် မတူညီသောအမျိုးသမီးများ အစရှိသည့် မတူညီသည့်ကဏ္ဍ (၈)ခုမှ အမျိုးသမီး (၃၄)ဦးတို့၏ အကြောင်းအရာ၊ အချက်အလက်များကို ထည့်သွင်းထားသည်ဟု BWU ၏ သတင်းနှင့်မှတ်တမ်း ပြုစုရေးသားရေးတာဝန်ခံ မသွယ်ဇင်တိုးက ရှင်းပြခဲ့သည်။

မသွယ်ဇင်တိုးက “အမျိုးသမီးတွေရဲ့တော်လှန်ရေးမှာ ပါဝင်မှုနဲ့ပတ်သက်တဲ့စာအုပ်ဖြစ်လို့ လူတိုင်းက တော်လှန်ရေးမှာ ကိုယ် ဘယ်လောက်ပါဝင်ခဲ့လဲ ပြောတဲ့ အခါ ပါဝင်မှု သေးသေးလေးပဲ ဖြစ်ပါစေ။ ကိုယ့်ပါဝင်မှု ဘယ်လောက်ထိ အင်အားကြီးသွားလဲဆိုတာ မီးမောင်းထိုးပြချင်တယ်။ ဒီစာအုပ်ကြောင့် အမျိုးသမီးတွေ ကို အားပေးရာရောက်မယ်လို့ ယုံကြည်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ အမျိုးသမီးတွေကို အရွေ့တစ်ခုကို အတူတူဖော်ဆောင်တဲ့နေရာမှာ အခွင့်အရေးတွေပေးဖို့ ဒီစာအုပ်က တွန်းအားတစ်ခုဖြစ်စေဖို့နဲ့ ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကိုကြည့်ပြီး အမျိုးသမီးများရဲ့ပါဝင်မှုကို အသိအမှတ်ပြုလာမယ်လို့ မျှော်လင့်ပါ တယ်။”ဟု စာအုပ်မိတ်ဆက်ပွဲအပေါ် မျှော်လင့်ချက်နှင့်ပတ်သက်၍ ကေအိုင်စီ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

BWU ၏ မှတ်တမ်းစာအုပ် မိတ်ဆက်ပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဆာဆာ၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ပအိုဝ်းအမျိုးသမီးအဖွဲ့အစည်း(PWO)နှင့် အခြားဧည့်သည်တော်များ အပါအဝင် သတင်းမီဒီယာ ကလည်း Zoom ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာအမျိုးသမီးများသမဂ္ဂ(BWU)ကို ၁၉၈၈ ခုနှစ် လူထုလုပ်ရှားမှုတွင်ပါဝင်ခဲ့သော အမျိုးသမီးခေါင်းဆောင်များက အလွှာပေါင်းစုံရှိ အမျိုးသမီးများ၏အသံကို ဖော်ကျူးနိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၉၅ခုနှစ်မှစတင်ကာ ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခင်က လစဉ် အမျိုးသမီး ဆိုင်ရာ သတင်းများ၊ ၃လတစ်ကြိမ် သုံးသပ်ချက်များနှင့် အမျိုးသမီးအလုပ်သမားရေးရာနှင့်ပတ်သက်သော အစီရင်ခံစာများကို ထုတ်လုပ်ခဲ့သော်လည်း ယခုလို မှတ်တမ်းစာအုပ်ထုတ်ဝေရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း BWU က ပြောသည်။