Home သတင်း ဖားအံတွင် သေနတ်သံထွက်ပေါ်လာပြီးသည့်နောက် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ မိုပိုတင်း ကြပ်လာ

ဖားအံတွင် သေနတ်သံထွက်ပေါ်လာပြီးသည့်နောက် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ မိုပိုတင်း ကြပ်လာ

929

နိုဝင်ဘာလ(၂၃)ရက်၊၂၀၂၂ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ စစ်ကောင်စီတပ်စခန်းအတွင်း ယမန်နေ့ နိုဝင်ဘာလ(၂၂)ရက် ည(၈)နာရီခွဲအချိန်တွင် သေနတ်သံထွက်ပေါ်လာပြီးသည့်နောက် ယနေ့တွင် တပ်စခန်းအနီးအနားတွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း စေတနာရေသန့်စက်ရုံဘေးရှိ စစ်ကောင်စီတပ်၏ တပ်မ(၂၂) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၁၀၂)တပ်ထဲပေါ်တွင် ဒရုန်းတစ်စင်းပျံသန်းသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်အချက်ရေ(၁၀)ချက်ခန့်ဖြင့် လိုက်လံပစ်ခတ်ခဲ့သလို ယနေ့နံနက်(၆) နာရီအချိန်ခန့်မှစ၍ စခန်းအနီးအနားရှိ လမ်းတစ်လျှောက်တွင် စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်နေကြောင်း နီးစပ်သည့် မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ညက စစ်တပ်ပေါ်မှာ ဒရုန်းတစ်စင်းပျံနေတာကို လိုက်ပစ်တာ။ သေနတ်သံကြားပြီးမကြာဘူး ဒရုန်းလည်း မရှိတော့ဘူး။ ၈ နာရီခွဲ လောက်က တစ်ခါကြားရတယ်။ ည ၁၂ နာရီလောက်မှာ နောက်တစ်ခေါက် ထပ်ပစ်တယ်။ ဒီမနက်(၆)နာရီလောက်မှာ အိမ်နားက လမ်းနဲ့ တပ်ဘေးမှာ စစ်ဆေးတာလုပ်နေတယ်”ဟု သူက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဒရုန်းယာဉ်ပျံသန်းမှုများရှိနေကြောင်းကို မြို့ခံတချို့က မြင်တွေ့သူများရှိပြီး ယမန်နေ့ (၉)နာရီအချိန် ခန့်တွင်လည်း ဒရုန်းယာဉ်ဟု ယူဆရသည့် ယာဉ်တစ်စင်းဖြတ်သန်း ပျံသန်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ညက (၉)နာရီလောက်မှာ အိပ်နေရင်းနဲ့လေသံကြားတော့ ထကြည့်တာ လေယာဉ်ပျံတော့မဟုတ်ဘူး။ မီးက ၅ ခုလောက်ပါတယ်။ သံလွင်မြစ်ဘေးမှာ ပတ်ပြီးပျံနေတာ”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁၃)ရက်နေ့တွင်လည်း ကရင်ပြည်နယ် ဖားအံမြို့ရှိ စစ်ကောင်စီတပ် စခန်းပေါ်သို့ ဒရုန်းယာဉ်တစ်စင်း ပျံသန်းသည်ဟုဆိုကာ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး အနီးအနားရှိ အရပ်သား(၂)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။