Home သတင်း ဘုရားဖူးဧည့်သည်များ နည်းပါးသွားခြင်းကြောင့် ကျိုက်ထီးရိုးရှိ ဆိုင်ခန်းငှားရမ်းသူများ စီးပွားရေး ကြပ် တည်းလာ

ဘုရားဖူးဧည့်သည်များ နည်းပါးသွားခြင်းကြောင့် ကျိုက်ထီးရိုးရှိ ဆိုင်ခန်းငှားရမ်းသူများ စီးပွားရေး ကြပ် တည်းလာ

1016

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတွင် ဘုရားဖူးဧည့်သည်များ မရှိသလောက်နည်း ပါးလာခြင်းကြောင့် လေလံဆွဲငှားရမ်း၍ ဖွင့်လှစ်ထားရသော ဆိုင်ခန်းများအတွက် ဆိုင်ခန်းငှားရမ်းခများ မပေးနိုင် ကြတော့ဘဲ စီးပွားရေးကြပ်တည်းလာကြကြောင်း ဆိုင်းခန်းငှားရောင်းချသူများထံမှ သိရသည်။

ယခင် ကိုဗစ်ကာလတွင် ဘုရားဖူးလာရောက်ကြသူများရှိသေးသော်လည်း စစ်ကောင်စီတပ်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုများဖြစ်ပြီးနောက်တွင် ဘုရားဖူးလာရောက်သူများ နည်းပါးသွားသည့်အတွက် ဆိုင်ခန်းများ လေလံဆွဲငှားရမ်းနိုင်ရန် ပေးဆောင်ရသော လေလံဆွဲခများ ပြန်မပေးနိုင်ဘဲ အခက်ကြုံလာရသည်ဟု ဆိုင်ခန်းငှားရမ်းရောင်းချသူနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကွမ်းယာဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့တောင် တစ်နှစ်ကို လေလံခ သိန်း၁၂၀, ၁၃၀ ပေးရတယ်။ အများစုက လေလံဆွဲဖို့အတွက် ပိုက်ဆံကို နီးစပ်ရာ ငွေရှင်တွေဆီက အတိုး ၁ ကျပ် ၂ ကျပ်ကစပြီး ၃၀ တိုးထိပေး ပြီးချေးရတယ်။ ထမင်းဆိုင်တွေဆို ၁၀ တိုးပေးပြီးယူကြတယ်။ အခုဆို ဘုရားဖူးမလာတော့ ဆိုင်တွေ လည်ပတ်လို့မရဘူးပေါ့။ ကျမ ညီမလေးတစ်ယောက်ဆို အရင်နှစ်တွေက ကပျာကယာမုန့် အတော်ရောင်း ကောင်းတာ။ ဒီနှစ်အများကြီးရောင်းရမယ် မှန်းထားပြီး တိုက်ပွဲဖြစ်တော့ မရောင်းရတော့ဘူး။ အကြွေးလည်း မဆပ်နိုင်ဘူး” ဟု ကေအိုင်စီသို့ ပြောပြသည်။

ယခုလို ဆိုင်ခန်းငှားရမ်းဖွင့်လှစ်သူအများစုမှာ ဒေသခံများဖြစ်ပြီး ဘုရားဖူးမရှိသလောက် နည်းပါးသွားသည့် အခြေအနေကြောင့် စားဝတ်နေရေးအတွက် မြို့ထဲတွင် လမ်းဘေးဈေး ဆိုင်များဖွင့်ပြီး ဆက်လက် စီးပွားရှာကြရကြောင်းနှင့် ည ၈ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့်ထုတ်ထားသဖြင့် နေထိုင်ရမလုံခြုံကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်ခြေရှိ တောင်တက်ကားဂိတ်တွင် တပ်စွဲထားသောစစ်ကောင်စီတပ်များမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးလာသော အမျိုးသမီး (၃) ဦးကျည်ထိမှန်သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ပွင့်လင်းရာသီ ရောက်လာသော်လည်း အဆိုပါ ပစ်ခတ်မှုအပြီး ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးလာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးသွားပြီး စစ်ကောင်စီဘက်မှလည်း ထိုဒေသတွင် လုံခြုံရေးတိုးမြှင့်ချထားမှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေသည်။

ထိုအခြေအနေကြောင့် ဆိုင်ခန်း စျေးရောင်းသူများအနေဖြင့်လည်း အရှုံးခံ ရောင်းချရမှုများရှိကြောင်း နောက်ထပ် ဆိုင်ခန်းငှားရမ်းရောင်းချသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ ပိုက်ဆံကသွင်းပြီးပြီးဆိုတော့ အရှုံးခံပြီး ရောင်းရတယ်လေ။ တချို့ကတော့ သူတို့ဆိုင်ခန်းကို နားလည်မှုနဲ့ပြန်ငှားကြတာတွေ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကျေးရွာအုပ်စု ပိန္နဲကုန်း ကျေးရွာအတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်ဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာတွင်းရှိ လူနေအိမ် (၆)လုံး မီးလောင်ခဲ့ပြီး ဒေသခံပြည်သူ ၈,၀၀၀(ရှစ်ထောင်)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။