Home သတင်း တောင်ကလေးစခန်းတိုက်ပွဲတွင် စစ်ကောင်စီ ၁ဝ ဦးကျဆုံးပြီး သေနတ် ၈ လက်နှင့်ကျည်များသိမ်းဆည်းရမိ

တောင်ကလေးစခန်းတိုက်ပွဲတွင် စစ်ကောင်စီ ၁ဝ ဦးကျဆုံးပြီး သေနတ် ၈ လက်နှင့်ကျည်များသိမ်းဆည်းရမိ

1215
Photo: CJ

နိုဝင်ဘာ ၂၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းဝင်းတွင် ခြေကုပ်နေထိုင်သည့် စစ်ကောင်စီပူး ပေါင်တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးကာ သေနတ် ၈ လက်နှင့် ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့သည်ဟု KNLA ဘက် ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးကျဆုံးခဲ့သလို ၆ဝ မမ တစ်လက်၊ ငါးကျင်းမီးစက်လတ် တစ်လက်၊ MA 2 သုံးလက်၊ M16 နှစ်လက်၊ AK တစ်လက်၊ လက်ပစ်ဗုံး ၃ လုံးတို့ သိမ်းဆည်း ရမိခဲ့သည်ဟု KNLA တပ်မဟာ ၆ မှ အရာရှိတစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

“လေယာဉ်လာများတော့ စခန်းသိမ်းအပြီးအစီး မလုပ်နိုင်ခဲ့ဘူး။ သေနတ်မျိုးစုံ ၈ လက်နဲ့ ကျည်တွေ သိမ်းဆည်းနိုင်ခဲ့တယ်။ သူတို့ဘက် ၁ဝ ဦးကျပြီး ၂ ဦးတော့ လွတ်မြောက်သွားတယ်။ ကျနော်တို့ဘက် ထိခိုက်မှုမရှိဘူး”ဟု တိုက်ပွဲတွင်ပါဝင်သည့် KNLA အရာရှိက ကေအိုင်စီ သို့ပြောသည်။

သို့သော် အဆိုပါ နှစ်ဖက်တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦးကျဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းများက ကေအိုင်စီသို့ ပြောသည်။

နံနက် ၅ နာရီမှ နေ့လည် ၁၁ နာရီကျော်အထိ နှစ်ဖက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှစစ်သုံးရဟတ်ယာဉ် ၂ စင်းနှင့် ဂျက်ဖိုက်တာတစ်စင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို အဘစ်ကျေးရွာ အမြှောက်တပ်ရင်းနှင့် မုဒုံမြို့တောင်ခြေ အမြာက်တပ်ရင်းတို့ လက်နက်ကြီးပစ်ကူများကို ကျေးရွာအတွင်းသို့ လှမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။

Photo: CJ

ထို့သို့ ပစ်ခတ်မှုအတွက် ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များထိမှန်ပျက်စီးသွားပြီး အရပ်သား ၃ ဦးကျည်ထိမှန် သေဆုံးကာ ၁ဝ ဦးနီးပါး ထိခိုက်ဒဏ်ရာရသွားကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“ ရွာစျေးလမ်းမလယ်မှာ တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ရာဘာခြစ်ပြီး နေအိမ်ပြန်လာရင်း ကျည်ထိမှန်ဆုံးတယ်။ အမျိုးသမီးငယ်တစ်ဦးလည်း ထိတယ်ပြောတယ်။ ဒဏ်ရာရတာက ၁ဝ ဦး နီးပါးရှိတယ်။ လူနေအိမ် ၂ဝ ကျော် ထိမှန်ပျက်စီးသွားတယ်။ တောရဘုန်းကြီး ကျောင်းတစ်လုံးလည်း ထိမှန်ပျက်စီးတယ်”ဟု တောင်ကလေးကျေးရွာဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တောင်ကလေးကျေးရွာ ရဲကင်းစခန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ဝင်များ၏ လက်နက်ရိက္ခာများနှင့် ရှေ့တန်းစစ်ကူလိုအပ်မှုအပေါ် ထောက်ပို့လမ်းကြောင်း ဆောင်ရွက်ရာ နေရာအဖြစ် အသုံးပြုလေ့ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။