Home သတင်း စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကလေးရွာသား ၂ ဦးသေဆုံးပြီး ၁ဝ ဦးနီးပါး ဒဏ်ရာရ

စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကလေးရွာသား ၂ ဦးသေဆုံးပြီး ၁ဝ ဦးနီးပါး ဒဏ်ရာရ

869
Photo: CJ

နိုဝင်ဘာလ ၂၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ယနေ့ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာအတွင်း စစ်သုံးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာသား ၂ ဦး ထိမှန်သေဆုံးပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက် ၆ နာရီမှ ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီက စစ်သုံးရဟတ်ယာဉ် ၂ စင်း နှင့် ဂျက်ဖိုက် တာတစ်စင်း အသုံးပြုပြီး တောင်ကလေးကျေးရွာထဲသို့ လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အပြင် အဘစ်ကျေးရွာနှင့် မုဒုံမြို့တောင်ခြေ အမြောက်တပ်ရင်းမှလည်း လက်နက်ကြီးပစ်ကူ လှမ်းပစ်ခဲ့သည့်အတွက် ယခုလို အရပ်သားများ သေဆုံးထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီပေးသူတစ်ဦးက ယခုလိုပြောသည်။

“ ရွာစျေးဟောင်း လမ်းမလယ်မှာ တစ်ဦး ထိမှန်ဆုံးတယ်။ နောက်တစ်ယောက်က ရာဘာအစီးလှီးပြီး အိမ်အပြန်မှာ ကျည်ထိမှန် သေဆုံးသွားတယ်။ အခြား ၈ ဦးထက်မနည်း ဒဏ်ရာရထားကြတယ်။ လူနေအိမ်လည်းအများကြီးထိမှန်ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းလည်း ရစရာမရှိအောင် ပျက်စီးသွားတယ်။”ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ယနေ့နံနက် ၅ နာရီအချိန်မှ နေ့လည် ၁၁ နာရီကျော်ချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီး- ချောင်းနှစ်ခွ၊ မုဒုံ-ဝင်းရော်ဒေသနှင့် ကျိုက်မရောလမ်းမများတွင် ခရီးသွားလာမှု ပြတ်တောက်သွားခဲ့ပြီး ဒေသခံအရပ်ပြည်သူ ၂၀၀၀ ခန့်လည်း စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Photo: CJ

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များက ပြောဆိုကြသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

တောင်ကလေး ရဲကင်းစခန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲ နေထိုင်လာခြင်းဖြစ်ပြီး ၎င်းတို့၏ ရှေ့တန်းစစ်ဆင်ရေးအတွက် လက်နက်ရိက္ခာများနှင့် စစ်အကူများ တည်းခိုပို့ဆောင်ပေးသည့် စခန်းတစ်ခုဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။