Home သတင်း တောင်ကြာအင်းကျေးရွာဘုန်းကြီးကျောင်ဝင်းရှိ ဒေသခံများအား စစ်ကောင်စီတပ် ရွာပြင်ထွက်ခွင့်မပေး

တောင်ကြာအင်းကျေးရွာဘုန်းကြီးကျောင်ဝင်းရှိ ဒေသခံများအား စစ်ကောင်စီတပ် ရွာပြင်ထွက်ခွင့်မပေး

717

နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်(တပ်မဟာ ၆)နယ်မြေ၊ ကျုံဒိုးမြို့နယ်အတွင်းရှိ တောင်ကြာအင်းရွာထဲတွင် ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်က ကျေးရွာဘုန်းကြီးကျောင်းဝင်းတွင် စစ်မရှောင်ဘဲ ကျန်ရှိသည့်ဒေသခံများကို ရွာပြင်ထွက်ခွင့်မပေးကြောင်း ဒေသခံထံမှ သိရသည်။

တောင်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းဝင်းနှင့် အနီးအနားတောင်ခြေတွင် နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်တပ်စွဲထားပြီးနောက် ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ သက်ကြီးဆရာတော်တစ်ပါးအပါအဝင် ဒေသခံကျောင်းဒကာများကို ၎င်းစစ်ကောင်စီတပ်ဖွဲ့မှ ရွာပြင် ထွက်ခွင့်မပြုတော့ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကျောင်းဝင်းထဲမှာ စစ်တပ် အပြည့်တပ်စွဲထားတယ်။ တစ်ရွာလုံးဒေသခံတွေက ထွက်ပြေးကုန်ပြီး။ ဆရာတော်ဘုရားက အသက်ကြီးပြီးဆိုတော့ စစ်မရှောင်ချင်တော့လို့ ပြုစုမယ့် ဒကာအချို့နဲ့ကျန်တယ်။ အခုက စစ်တပ်တွေက ကျောင်းဝင်းမှာ လာတပ်စွဲတော့ ဒကာတွေက ရွာအပြင်ထွက်ဖို့ သူတို့ မပေး ထွက်တော့ဘူး။ လူသားဒိုင်းလိုမျိုး အကာအကွယ်ထားတဲ့သဘော”ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်အင်အားအလုံးအရင်းဖြင့် တောင်ကြာ အင်းကျေးရွာမှ တစ်ဆင့် နောင်တလာ၊ လောင်းကိုင် ကျေးရွာအထိ စစ်ကြောင်းထိုး ဝင်ရောက် လာရာတွင် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် အယောက် ၁၀ နီးပါး ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ ဟိုနေ့က လောင်းကိုင်ရွာအထိ စစ်တပ်ဘက်က စစ်ကြောင်းထိုးတက်တယ်။ ပြီးတော့ လောင်း ကိုင်ရွာတောင်ခြေဘက်ခြမ်းမှာလည်း ပြန်ပတ်တာရှိတယ်။ အဲမှာ နှစ်ဖက် ပစ်ခတ်မှုတော် တော်ဖြစ်တယ်။ တောင်ခြေမှာ စစ်တပ်ဘက်က လာမသယ်နိုင်သေးတဲ့အလောင်း ၅ လောင်းလောက်ရှိ သေးတယ်။ တချို့က ပြန်သယ်သွားတယ် ဒဏ်ရာရတဲ့သူတွေကိုပြန်ခေါ်သွားတယ်။ သေတာက BGF များ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ထိုသို့ စစ်ကြောင်းထိုးတက်လာသည့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည့်အတွက် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲသံကြောင့် ဒေသခံ(၂)ဦးနှလုံးရပ်ပြီး သေဆုံးခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် လူနေအိမ်အမြောက်အများလည်း ထိခိုက်ပျက်စီးပြီးဒေသခံရွာသားများသည်လည်း ရွာလုံးကျွတ်ဒေသခံများထွက်ပြေး တိမ်းရှောင်ရ သည်ဟု သိရသည်။

လက်ရှိအချိန်တွင် တောင်ကြာအင်း၊ နောင်တလာ၊ ကော့ဖောင်း၊ လောင်းကိုင်နှင့် ဖားကျကျေးရွာရှိ ထောင်နှင့်ချီသော ဒေသခံအရပ်သားများသည် နီးစပ်ရွာကျေးရွာများနှင့် အခြားမြို့များသို့ ပြောင်းရွှေ့ တိမ်းရှောင်နေကြရကာ စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲသို့ လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။