Home သတင်း လေးကေကော်ဒေသ စစ်ဘေးရှောင်များ နေရပ်ပြန်လာကြရန် စစ်ကောင်စီ ၄၄တပ်မမှူး စည်းရုံးပြောဆို

လေးကေကော်ဒေသ စစ်ဘေးရှောင်များ နေရပ်ပြန်လာကြရန် စစ်ကောင်စီ ၄၄တပ်မမှူး စည်းရုံးပြောဆို

271

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစ၍ စစ်ဘေးရှောင်နေကြရသည့် လေးကေကော်ဒေသ စစ်ဘေးရှောင်များကို မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြရန် စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူးက နိုဝင်ဘာလ တတိယပတ်အတွင်း စည်းရုံးပြောဆိုမှုများ ပြုလုပ်နေကြောင်း ဒေသခံစစ်ရှောင်များထံမှ သိရသည်။

သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် အစုအဖွဲ့လိုက် စစ်ဘေးရှောင် နေထိုင်နေကြရသည့် လေးကေကော်မှ ရပ်ကွက် ၅ခုနှင့် ပဟိကလော်၊ ထီးမယ့်ဝါးခီး၊ ရသေ့ဂူကျေးရွာများမှ ဒေသခံများအား လေးကေကော် စွယ်တော် အမြောက်ကုန်းတွင် စခန်းချ စစ်ဆင်ရေးကွပ်ကဲနေသည့် တပ်မ ၄၄ တပ်မမှူးက စစ်ရှောင် များ နေရပ်ပြန်လည်နေထိုင်ရန် ယင်းသို့ စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထီးမယ့်ဝါးခီး ဒေသခံ စစ်ရှောင်အမျိုးသမီးက ယခုလို ပြောသည်။

၎င်းက “၄၄ စစ်တပ်က တပ်မမှူးက ရွာသားတွေကို ပြောလာတယ်။ ကိုယ့်ရွာကိုယ့်နေရာ ပြန်လာနေကြဖို့ ပြောတယ်။ သူတို့ စစ်တပ်က ဝိုင်းကူပြီး ခြုံရှင်း၊ မိုင်း ရှင်းလုပ်ပေးမယ်ပေါ့။ အခု ဖြစ်တာက KNU ကရင်အဖွဲ့တွေနဲ့ မဟုတ်ဘူးပေါ့။ KNU ကရင်မိသားစုတွေ ပြန်လာနေကြပေါ့။ အဲ့သလို ပြောတယ်။ သူတို့တိုက် နေတာ လက်သုံးချောင်းထောင်တဲ့ အဖွဲ့တွေကို တိုက်တာပေါ့။ လက်သုံးချောင်းအဖွဲ့တွေကို လက်မခံကြနဲ့ပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် ဒေသခံများမှာ ယခင်ကတည်းက စစ်တပ်ကို အမြဲ ကြောက်ရွံ့ခဲ့ရသဖြင့် အဆိုပါစည်းရုံးပြောဆိုမှုအပေါ် အယုံအကြည်မရှိကြောင်းနှင့် ၎င်းတို့၏နေအိမ် များကိုလည်း စစ်တပ်က ဝင်ရောက်မွှေနှောက် ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားသောကြောင့် ဘဝကို အစကနေ ပြန်စရမည့်သဘော ရှိနေ ကြောင်းလည်း အဆိုပါစစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

မြ၀တီမြို့တောင်ဘက် ဖလူး – ဆုံဆည်းမြိုင် – ဝေါလေ လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာ ၂၀ကျော်မှ စစ်ဘေးရှောင်နေရသည့် ဒေသခံ တစ်သောင်း၀န်းကျင်ခန့် သည် ၁၁လကြာ စစ်ရှောင်ဘ၀ဖြင့် နေထိုင်လာရပြီး ယခုအချိန်တွင် လေးကေကော်ဒေသ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားပြီဖြစ်၍ ဖလူး၊ မင်းလက်ပံ၊ ပဟိကလော်၊ ထီးမယ့်ဝါးခီး ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံတစ်ထောင်နီးပါးမှာ ၎င်းတို့ရပ်ရွာများသို့ ပြန်လည်၍ စတင်နေထိုင်နေကြပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

သို့သော် မြ၀တီမြို့နှင့် ဆက်သွယ်သွားလာသည့် လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီဘက်မှ စစ်ဆေးရှာဖွေဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုများကို ကြုံတွေ့ ကြရသည့်အတွက် မြို့ပြသို့ သွားလာရေး လွယ်ကူစေရန်အတွက် ဒေသခံကျေးရွာသား သက်သေခံကဒ်များဖြင့် ကျေးရွာအကြီးအကဲများက စီစဉ်ဆောင်ရွက်နေ ကြောင်း လေးကေကော် စစ်ဘေးရှောင်တစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

“လေးကေကော်ကို ဒီဇင်ဘာလမှာ ပြန်နေကြဖို့တော့ စီစဉ်နေတာရှိတယဥ။ အခု ထီးမယ့်ဝါးခီး ရွာသားတချို့ ပြန်နေကြပြီး။ အရင် လေးကေကော် စတည်ခါစ က နေတဲ့သူတွေကို ဖောင်ဖြည့်၊ ဓါတ်ပုံရိုက် ပြီးရင် ရွာသား မိသားစုကဒ် ထုတ်ပေးဖို့ လုပ်နေကြတယ်။ အမှတ် ၁ ရပ်ကွက်ကနေ စပြီးပြန်နေကြမယ်လို့တော့ သိရတယ်။”ဟု စစ်ရှောင် ကျေးရွာအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ဒေသခံ ရပ်ကွက်သားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သို့သော် အခြားနေရာဒေသမှ ထိုနယ်မြေဘက်သို့ ရွှေ့ပြောင်းရောက်လာသူများမှာမူ စစ်ဘေးရှောင်တိမ်းနေရသည့်နေရာမှ ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင် ခွင့်မရှိသေးကြောင်း၊ နောက်ပိုင်းမှသာ ပြန်နေထိုင်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်ဟု ဆိုသည်။ လတ်တလောအချိန်တွင် တိုက်ပွဲများကလည်း အထက်ပိုင်းတွင် ပစ်ခတ်နေဆဲဖြစ်သည့်အပြင် လေးကေကော်တွင် မိုင်းထောင်ထားမှုများရှိနေပြီး မိုင်းရှင်းပေးရန်လည်း လိုအပ်ကြောင်း အဆိုပါရပ်ကွက်သားက ပြောဆိုသည်။

မြ၀တီမြို့တောင်ဘက် လေးကေကော်-သေ့ဘောဘိုး-ဝေါလေ လမ်းပိုင်းတစ်လျှောက်အား စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ၁၁လခန့် ကြာမြင့်လာခဲ့ သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသ နေရာများအား စစ်ကောင်စီစစ်ကြောင်းများမှ စိုးမိုးထိန်းချုပ်ထားနိုင်ခြင်းမရှိသေးဘဲ KNLA ပူးပေါင်းအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအခြေချတပ်စွဲ ထားသည့် စစ်စခန်းနေရာများ မဆုံးရှုံးရေးကိုသာ နေ့စဉ် လုပ်ဆောင်နေရကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့၏ သတင်းအရင်းအမြစ်မှ သုံးသပ်ပြောဆိုနေကြသည်။