Home သတင်း လျှပ်စစ်မီးတိုင်ပြုပြင်ခအတွက် ငွေကြေးကောက်ခံမှုကို ကော့ကရိတ်နယ်ခံများ မရှင်းမလင်းဖြစ်နေ

လျှပ်စစ်မီးတိုင်ပြုပြင်ခအတွက် ငွေကြေးကောက်ခံမှုကို ကော့ကရိတ်နယ်ခံများ မရှင်းမလင်းဖြစ်နေ

947

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်တွင် ပျက်စီးသွားသည့် လျှပ်စစ်မီးတိုင်များကို ပြုပြင်ရန်အတွက်ဟုဆိုကာ အဖွဲ့အစည်း အမည်နာမ အတိအကျမပြောဘဲ အောက်တိုဘာလ မှစ၍ ယနေ့အချိန်ထိ ငွေကြေးကောက်ခံနေကြသဖြင့် လိမ်လည်မှုပုံစံကဲ့သို့ မရှင်းမလင်းဖြစ်နေကြောင်း ကော့ကရိတ်မြို့ခံများက ဝေဖန်ပြောဆိုနေကြသည်။

ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးလက်ဒေသတချို့တွင် လျှပ်စစ်မီးတိုင်ပြုပြင်ခဟုဆိုကာ အိမ်ခြေတစ်လုံးလျှင် ငွေ ၂၄,၀၀၀ကျပ်ကို ကော့ကရိတ်မြို့ ရပ်မိရပ်ဖနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ရက်နေ့မှ စတင်ကာ လိုက်လံကောက်ခံခဲ့ပြီး မည်သည့်ဌာန ဆိုင်ရာအဖွဲ့အစည်းမှ မည်သူက ကောက်ခံခိုင်းသည်ကို တိကျသေချာစွာ ရှင်းပြနိုင်ခြင်းမရှိဘဲဖြစ်နေကြောင်း ကော့ကရိတ်မြို့နယ်ရှိ ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းရွာသားက “ကိုဇော်လတ်ဆိုတဲ့တစ်ယောက်က ဖုန်းဆက်လာပြီး ပိုက်ဆံကောက်ခိုင်းတယ်။ သူက ကော့ကရိတ်ခရိုင် ထွေအုပ်ရုံးမှာလုပ်တာလား။ ကြံ့ခိုင်ရေး ပါတီအဖွဲ့ကလား ပြောသွားတယ်။ ရွာလူကြီးက ထွေအုပ်ရုံး၊ EPC ရုံးတို့မေးကြည့်တာ သူတို့က မသိဘူးဆိုတော့ ကျနော်တို့ရွာက ပိုက်ဆံတွေက ရွာလူကြီးပဲ သိမ်းထားပေးတယ်။ ရွာလူကြီးက ကောင်းလို့ ရွာသားပိုက်ဆံတွေ မပါသွားဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင်လည်း လျှပ်စစ်မီးတိုင်ပြုပြင်ရေးခဟုဆိုကာ ရပ်ကွက်လူကြီးများမှတဆင့် လိုက်လံကောက်ခံခိုင်းခြင်းများရှိနေ ပြီး ကောက်ခံခိုင်းသူ မည်သူဖြစ်ကြောင်းကို ရပ်ကွက်တွင်းနေထိုင်သူများက မေးမြန်းရာတွင် အတိအကျ မပြောနိုင်ကြဘဲဖြစ်နေသည်ဟု ကော့ကရိတ်မြို့ခံတစ် ဦးက ပြောသည်။

“စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့လူတွေပဲ လုပ်စားမှာပေါ့။ လိုက်ကောက်တာတော့ ရပ်ကွက်လူကြီးတွေပဲ။ မြို့နယ်မီးလင်းရေးအဖွဲ့လား၊ မြို့နယ်အုပ်ချုပ်ရေးအ ဖွဲ့ကလား ကောက်ခိုင်းတယ်ကြားတယ်။ အတိအကျတော့ မေးလည်း မပြောပြနိုင်ဘူး။ ဘယ်သူမှ ခေါင်းမခံဘူး။ ရရင်ယူကြမှာပဲ။ ပြည်သူရဲ့ပိုက်ဆံကိုလိမ်လည် ပြီး လုပ်စားနေတာပဲလို့ ပြောရမယ်။ အိမ်က အမေကတော့ ကြောက်လို့ပေးလိုက်တယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ငွေကြေးလိုက်လံကောက်ခံရာတွင် ပါဝင်သည့် ရပ်မိရပ်ဖလူကြီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်တွင် မြို့နယ်မီးလင်းရေးအဖွဲ့က အစည်းအဝေးခေါ်ယူပြီး ကောက်ယူခိုင်းခြင်းကြောင့် ယခုလို ကောက်ခံနေကြခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ပေးချင်တဲ့လူတော့ပေးပေါ့။ ကျနော်တို့က သူများကောက်ခိုင်းလို့ ကောက်ရတာပဲ။ ရသလောက် ပိုက်ဆံလည်းပေးလိုက်ပြီး။ မြို့နယ်မီးလင်းရေးကော်မ တီက ကောက်ခိုင်းတာ။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကော့ကရိတ်မြို့အပြင် မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့များနှင့် ၎င်းမြို့နှင့်နီးစပ်သည့် ကျေးရွာများတွင်လည်း လျှပ်စစ်မီးပြုပြင်ခ ပေးဆောင်ရမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ လိုက်လံကောက်ခံမှုများ မရှိသေးကြောင်း ၎င်းဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်နေ့က အံကလော်ကျေးရွာနှင့် ကော့နွဲကျေးရွာအကြား လျှပ်စစ်ပင်မဓာတ်အား တိုင်နှစ်ခု ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်း အောက် တိုဘာလ ၁၂ရက်နေ့တွင် ပြန်လည်ပြုပြင်ပြီးစီးခဲ့ရာ ထိုပြုပြင်မှုအတွက် ယခုကဲ့သို့ ငွေကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။