Home သတင်း ရက်အတန်ကြာ လမ်းပိတ်ထားခြင်းကြောင့် ‌ဈေးရောင်းဈေးဝယ်ပြည်သူများ ပိုမိုခက်ခဲလာနေ

ရက်အတန်ကြာ လမ်းပိတ်ထားခြင်းကြောင့် ‌ဈေးရောင်းဈေးဝယ်ပြည်သူများ ပိုမိုခက်ခဲလာနေ

629

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင်အထွက်လမ်းကို ရက်အတန်ကြာ လမ်းပိတ်ထားခြင်းကြောင့် ဈေးရောင်းဈေးဝယ် ပြည်သူများ ပိုမိုခက်ခဲလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က ကော့ကရိတ်မြို့တွင်းပစ်ခတ်မှုဖြစ်ပြီးအချိန်မှစ၍ ယခုအချိန်ထိ မြို့အဝင်အထွက်လမ်းများနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်းများကို စစ်ကောင်စီက ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်တောင်ပိုင်း ဈေးရောင်းဈေးဝယ်သူတစ်ဦးက “ကော့ကရိတ်မြို့ထဲဈေးဝယ်သွားတာ ဒုက္ခတော်တော်ရောက်တယ်။ လမ်းကပိတ်ထားတော့နှစ်ခေါက်သယ်ရ‌တော့အဆင်မ‌ပြေဘူး၊ ကြာပန်းလမ်းတော့ဖွင့်ထားတယ်၊ အဲ့လမ်းက နည်းနည်းဝေးတယ် သွားလာလို့လည်း မပျော်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ မြို့အဝင်အထွက်လမ်းပိတ်ထားမှုနှင့် ကုန်ဈေးနှုန်းမတည်ငြိမ်မှုတို့ကြောင့် မြို့တွင်းကုန်စုံဆိုင်များ လည်း ရောင်းအားကျသွားပြီး ကုန်ပစ္စည်းအနည်းငယ်သာ တင်ရောင်းချနိုင်တော့ကြောင်း မြို့တွင်းကုန်စုံဆိုင်ရောင်းသူများက ပြောသည်။

“လမ်းတွေပိတ်တဲ့နောက်ပိုင်းတော့ အရောင်းအဝယ် တော်တော်ကျသွားတယ်။ ရွာကဖောက်သည်တွေတော့ ကြာကြာမှတစ်ခါပဲလာဝယ်တော့တယ်။ ကုန်ဈေးနှုန်းလည်းတက်တယ်၊ ဈေးနှုန်းမငြိမ်တော့ များများမတင်ရဲဘူး၊ နည်းနည်းစီပဲတင်‌တော့တယ်” ဟု မြို့တွင်း ကုန်စုံဆိုင်ရောင်းသူ တစ်ဦးက ပြောသည်။

မြို့အဝင်အထွက်လမ်းပိတ်ထားစဥ် သွားလာကြသောပြည်သူများကို အော်ဟစ်ဆဲဆိုပြီး သေနတ်ချိန်ရွယ်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်သလို မြို့ထဲသို့ ပေးမဝင်ဘဲ ပြန်လှည့်ခိုင်းခြင်းများလည်းရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။