အောက်တိုဘာလ (၇)ရက် ၂၀၂၂ ခုနှစ်။ ကေအိုင်စီ။
မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးဝေါ် (တောင်နီ)နှင့် သေ့ဘောဘိုးကြားရှိ အိမ်သုံးလုံးအစုတွင် ပြီးခဲ့သည့် စက်တင်ဘာလပိုင်းက စစ်ရှောင်နေရသည့် ဒေသခံတစ်ဦး၏ နေအိမ်ဆိုင်ခန်းတစ်လုံး ဖောက်ထွင်းခံခဲ့ရသည်ဟု အဖောက်ထွင်းခံရသူ ဆိုင်ရှင်က ကေအိုင်စီသို့ ပြောသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ဗဟို ဌာနချုပ်အနီး နေရာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် လေးဝေါ်ရွာ အိမ်သုံးလုံးအစုရှိ ဒေသခံပြည်သူများ စစ်ရှောင်နေကြရပြီး ယနေ့ နံနက်ပိုင်းတွင် ဆိုင်ခန်းပိုင်ရှင်က ရက်ကြီးခါကြီး အလှူလုပ်ရန်အတွက် ဆိုင်ခန်းကိုပြန်လာကြည့်ရာတွင် ဆိုင်ထဲရှိ ဆန်၊ ဆီ၊ ဆား၊ ဘီယာ၊ မိန်းကလေးအသုံးအဆောင်စသည့် ပစ္စည်းများကိုမွှေနှောက် ဖျက်ဆီးခံထားရသည်ဟု ဆိုင်ရှင်က ယခုလိုပြောသည်။
“အရင်တုန်းက ဝေါလေမှာတိုက်ပွဲဖြစ်တော့ ပြေးရတယ်လေ။ အိမ်သုံးလုံးအစုမှာ ပြီးခဲ့တဲ့လပိုင်း ကပြေးရတာပေါ့။ စက်တင်ဘာလမှာ စပြေးတော့ ပြန်လာလို့တော့မရသေးဘူး ။ ရက်ကြီးခါကြီးလည်းဖြစ်တော့ ဒီနေ့မှ လူကြီးတွေကို ပြောပြီး ဆိုင်ကိုပြန်လာကြည့်တာ။ ဆိုင်မှာရှိတဲ့ ဘီယာ၊ အရက်၊ စပိုင် အကုန်လုံး လာနေ၊ လာစားတယ်။ ယူသွားတာတွေရော ဖျက်ဆီးသွားတာတွေရော အများကြီးပဲ။ ပြန်လာတွေ့တာတော့ DKBA ဘက်တံဆိပ် ပါတဲ့အင်္ကျီ ပြန်လာတွေ့တာပေါ့။ ဆန်၊ ဆီ၊ ဆား အကုန်လုံးသူတို့သယ်သွားတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ဝင်ရောက် မွှေနှောက် ဖျက်ဆီးသူများမှာ မည်သူမည်ဝါများဖြစ်ကြောင်းကို ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို ဆိုင်ပိုင်ရှင်၏နေအိမ်အတွင်း (DKBA)စစ်ယူနီဖောင်းဝတ်စုံတွေ့ရှိသောကြောင့် ကေအိုင်စီအနေဖြင့် DKBA တာဝန်ရှိခေါင်းဆောင်များကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပေ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း နယ်ကျော်၀င်ရောက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၈ လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသတွင်း ကျေးရွာများမှ စစ်ဘေးရှောင်နေရသူ ၉၀, ၂၉၁ ဦးအထိရှိကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ ကနဦး ကောက်ခံစုဆောင်းထားသည့်စာရင်းများအရ သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ (၂)နေ့တွင်လည်း ကရင်ပြည်နယ်၊ ဒေါနတောင် အရှေ့ခြမ်း၊ မြဝတီမြို့တောင်ဘက်ရှိ DKBA ထိန်းချုပ်နယ်မြေ လေးဝေါ်နှင့် ဆုံဆည်းမြိုင် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူ တပ်စွဲထားသောကြောင့် ၎င်းဒေသရှိ ဒေသခံရွာသားများအနေဖြင့် လုံခြုံရေးနှင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။



















