အောက်တိုဘာ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စစ်တပ် အာဏာသိမ်းယူမှု ပြုလုပ်ခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကို လက်မခံကြောင်း ပထမဦးဆုံးလမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် မန္တလေးမြို့မှ ကရင်လူငယ်ကွန်ရက်-KYN (အထက်မြန်မာပြည်)တာဝန်ခံဖြစ်သူ စောဥက္ကာဦးအပါအဝင် ၄ ဦးကို ယနေ့ မန္တလေး ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
ယနေ့ ပြန်လည် လွတ်မြောက်လာသူများမှာ စောဥက္ကာဦးအပြင် ဆန္ဒဖော်ထုတ်မှုကို ပထမဦးဆုံး ပြုလုပ်ခဲ့သူ မန္တလေးမြို့မှ တက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုမင်းညီညီကွန်း(ရတနာပုံတက္ကသိုလ်)၊ ကိုပြည့်စုံအောင်နှင့် ကိုရဲဝင်းထွန်းတို့ဖြစ်ကြောင်း သိရသည်။
“အာဏာသိမ်းပြီးတဲ့ ၄ ရက်နေ့မှာ သူတို့ ၄ ယောက်အဖမ်းခံလိုက်ရတယ်။ ပြီးတော့ ကြားထဲမှာ သူတို့ကို ရုံးချိန်းတွေ ခေါ်ပြီးတော့ တော်တော်နဲ့ အမိန့်မချဘူး။ ပြီးမှ ဒီနှစ်မေလလောက်မှ အမိန့်ချလိုက်တယ်။ ပြီးတော့ အခု ပြန်လွတ်လာတာဖြစ်တယ်” ဟု စောဥက္ကာဦးနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။
၎င်းတို့ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က အရပ်ဝတ်နှင့် ရဲများက ၎င်းတို့ ဆန္ဒဖော်ထုတ်နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ယခုနှစ် မေလ ၂၅ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘိုထောင်) အထူးတရားရုံးမှ ထောင်ဒဏ် ၁နှစ်နှင့် ၉ လ အမိန့်ချမှတ်ခံခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ လမ်း ၃၀ ပေါ်ရှိ ဆေးတက္ကသိုလ်(မန္တလေး) ရှေ့၌ ဒေါက်တာ တေဇာဆန်းဦးဆောင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ဆန္ဒဖော်ထုတ်သူများကို အရပ်ဝတ် နှင့်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ယခုပြန်လည် လွတ်မြောက်လာသည့် ကျောင်းသားလူငယ် ၄ဦး ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ပထမဦးဆုံး စတင်ပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြသပိတ်စစ်ကြောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆန္ဒပြမှုအရှိန်အဟုန်မြင့်မားလာမှုအပေါ် အာဏာသိမ်းစစ်တပ်ဘက်မှ အကြမ်းဖက် ဖြိုခွဲသည့်နည်းလမ်းများ ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် လက်ရှိတွင် လက်နက်ကိုင်တော်လှန်သည့် အထိ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။



















