Home သတင်း မြဝတီ-မဲဆောက်အမှတ် (၂) တံတားပေါ် ဝင်ရောက်သည့် အိမ်စီးကားများ ခရီးသည်တင်ဆောင်ခွင့်မပြု

မြဝတီ-မဲဆောက်အမှတ် (၂) တံတားပေါ် ဝင်ရောက်သည့် အိမ်စီးကားများ ခရီးသည်တင်ဆောင်ခွင့်မပြု

1036
Photo: Crd.

အောက်တိုဘာ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်တွင် အောက်တိုဘာလ (၆)ရက်နေ့ နံနက် ပိုင်းမှစ၍ အိမ်စီးကားများကို မဲဆောက်မြို့အတွင်းသို့ တစ်ရက်တာ စျေးဝယ်ရန် ခွင့်ပြုလိုက်သော်လည်း ခရီးသည်များကို တင်ဆောင်ခွင့်မပြုကြောင်း အမှတ်(၂)တံတားနှင့် နီးစပ်သူများထံမှ သိရသည်။

ကရင်ပြည်နယ်၊ ထိုင်း−မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကို အောက်တိုဘာလ(၅) ရက် နေ့ နံနက်(၆)နာရီမှစ၍ ကုန်တင်ကားကြီးများကို စတင်ဖြတ်သန်းသွားလာခွင့်ပြုပြီး နောက်တစ်ရက်တွင်မူ နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိ လူကြီးများနှင့် ထိုင်းအာဏာပိုင်းများက အိမ်စီးကားများကိုပါ မဲဆောက်မြို့အတွင်းသို့ ဝင်ရောက်ခွင့်ပြု လိုက်ပြီး ၎င်းကားများပေါ်တွင် ခရီးသည်တင်ဆောင်ခွင့်မပြုဘဲ ကုန်စည်များသာတင်ဆောင်ခွင့်ပေးကြောင်း အမှတ် ၂ တံတားနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“ကားသမား(၂)ယောက်ပဲ လာလို့ရတယ်။ မနေ့က လာတဲ့ကားအသေးကလည်း ကျနော်သိတယ်။ ပစ္စည်းလာဝယ်တာ သူတို့လည်း (၂)ယောက်ပဲလာတာ။ ခရီးသည်တော့ တင်လို့မရဘူးလေ။ မဲဆောက်ထဲကိုဝင်ခွင့်ပေးတာက ပစ္စည်းဝယ် ဘာဝယ်ပဲရတယ်။ အဲ့ဒီကားတွေက လူလည်း မပါဘူး။ ခုံလည်းမပါဘူး။ အနောက်မှာစီးတဲ့ဟာတွေကို သူတို့ ဖြုတ်ထားတယ်။ သူတို့ကိုယ်ပိုင်ကားကို အနောက်ကခုံတွေဖြုတ်ပြီး သွားတာ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် မဲဆောက်မြို့အတွင်းသို့ မြန်မာပြည်သူများကို လူကယ်ရီပို့ဆောင်သည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ယနေ့ အောက်တိုဘာလ (၇)ရက်နေ့တွင် ထိုင်း−မြန်မာနယ်စပ် အမှတ်(၂)တံတားပေါ်တွင် ထိုင်းအာဏာပိုင်းများက စည်းကမ်းချက်များ၊ အစစ်အဆေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြော သည်။

“ဒီမြန်မာပြည်သားတွေက ထိုင်းဘက်ကိုခိုးပြီးတော့ ဝင်တယ်ဆိုတဲ့သတင်းထွက်နေတယ်လေ။ ဒီတံတားကလည်း ဖွင့်လိုက်တော့ ဟိုဟာက သွားလာလို့ရတယ်။ ဒီဟာက သွားလို့ရတယ်ပြောနေတာ။ ဒရိုက်ဘာတစ်ယောက်၊ စပယ်ရာ တစ်ယောက်ပဲသွားရတာ။ အောက်မှာလုပ်နေတာ ကျနော်တို့ အသိဆုံးပဲ။ ပထမ လူဘယ်နှစ်ယောက်ပါလဲ၊ (လ.ဝ.က)က ဘာကုန်စည်ဝယ်မလဲ၊ ကာစတန်ဘက်ကို သွားရတယ်စာရင်းသွားသွင်းရတယ်။ ပို့ဆောင်ဆက်သွယ်ရေးဆို ကညနရုံး လိုင်စင်ဌာနသွားပြီးတော့ မြို့ဝင်ကြေးပေးရတယ်။ ပြီးမှ အဲ့ဒီတံတားအလယ်မှာ ဆောက်လုပ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးမှာတောင် ပိုပြီးကြပ်လာတယ် ”ဟု သူက ဖြည့်စွက်ပြောသည်။

ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြဝတီဘက်မှလာသည့် အိမ်စီးကားများပေါ် လူ(၅)ဦး သွားခွင့်ပြုသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကုန်တင်ကားကြီးများနှင့် ယာဉ်အသေးများပေါ်တွင် ယခုလို လူ(၂)ဦးသာ သွားလာခွင့်ပြုထားခြင်းဖြစ်သည်။