Home သတင်း ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့် ပင်းပက် သံမဏိစက်ရုံ စီမံကိန်းကို ပိတ်သိမ်းရန် ပအိုဝ်းလူငယ်တောင်းဆို

ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့် ပင်းပက် သံမဏိစက်ရုံ စီမံကိန်းကို ပိတ်သိမ်းရန် ပအိုဝ်းလူငယ်တောင်းဆို

838
Photo: Crd.

အောက်တိုဘာ(၃)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ပင်းပက် သံမဏိစက်ရုံ စီမံကိန်းသည် ဒေသခံပြည်သူများအတွက် အကျိုးမရှိဘဲ နစ်နာမှုများရှိနေသည့်အတွက်ကြောင့် ၎င်းစီမံကိန်းကို ပိတ်သိမ်းရန်နှင့် ဒေသခံများ၏ နစ်နာမှုများကို ဆောင်ရွက်ပေးရန် ယနေ့ အောက်တိုဘာ ၃ ရက်တွင် ပအိုဝ်းလူငယ်အစည်းအရုံးက သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

စစ်ကောင်စီဘက်မှ အကြီးအကျယ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်နေသည့် ၎င်းစီမံကိန်းသည် စစ်ကောင်စီနှင့် ရှရှားတို့က ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ကြခြင်းဖြစ်ပြီး စီမံကိန်းကြောင့် ဒေသခံများ၏ မြေယာဆုံးရှုံးမှုများနှင့် သဘာဝ သစ်တောအရင်းအမြစ်များ ထိခိုက်မှုများရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစီမံကိန်းအကောင်အတည်ဖော်လာမှုကြောင့် ဒေသခံများ၏ ကျန်းမာရေးပြဿနာ၊ လူမှုရေးဆိုင်ရာ ပဋိက္ခ များအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အဓမ္မမြေယာသိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခံရခြင်းများကြောင့် တောင်သူဒေသခံများအတွက် စားဝတ်နေရေး ပိုမိုထိခိုက်သည့်အတွက် ဒေသခံပြည်သူများသည် ထိုစက်ရုံကို ပိတ်သိမ်းရန် အလိုရှိကြသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ နန်းရွှေလီက ယနေ့ ပြုလုပ်သည့် ၎င်းစီမံကိန်းအပေါ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၎င်းက “ တောင်သူတွေရဲ့ မြေယာတွေ ထပ်မံသိမ်းဆည်းခြင်း ခံရတယ်။ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ စားဝတ် နေရေးတွေ ကျန်းမာရေးတွေ ထိခိုက်မှုတွေရှိတယ်။ ခြိမ်းခြောက်ခံရမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေ ယခုထိ ခံနေကြရတယ်။” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ထိုအပြင် အဆိုပါစီမံကိန်းကို ကန့်ကွက်လှုပ်ရှားသူ လူငယ်များနှင့် ဒေသခံတောင်သူများအား အာဏာပိုင်များက စောင့်ကြည့်မှုများ ခံရပြီး ခေါ်ယူသတိပေးမှုများလည်းရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ နန်းဟုန်ကလည်း ယခုလို ပြောသည်။

“ဖမ်းဆီးခံကြရသူတွေလည်းရှိတယ်။ အချို့ပြန်လွတ်တယ်။ အချို့ဆို မလွတ်လာသေးဘူးသူတွေလည်း ရှိနေသေးပါတယ်” ဟု နန်းဟုန်က ပြောသည်။

Photo: Crd.

ယင်းစီမံကိန်းကို ဒေသခံများက လက်မခံသော်လည်း စီမံကိန်းလည်ပတ်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်မှ လာရောက်ကွင်းဆင်းစစ်ဆေးပြီး ကော်မတီဖွဲ့စည်းခြင်း၊ စက်ရုံအား မွမ်းမံပြင်ဆင်ခြင်း၊ မီးရထားလမ်းဖောက်လုပ်ရန် ဒေသခံမြေများ သိမ်းဆည်းမြေနှင့် တိုးချဲ့သိမ်းဆည်းမြေအချို့ လျော်ကြေးနစ်နာကြေးများ ဆောက်ရွက်သော်လည်း ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်း အထောက်အကူ မဖြစ်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ကျနော်တို့ ဒေသခံအများစုကတော့ စိုက်ပျိုးစရာ မြေမရှိကြတော့လို့ စားမရ အိမ်မရ ဖြစ်နေကြတယ်။ လျော်ကြေး၊ နစ်နာကြေးဆိုတာက ခေတ္တတဖြုတ်အတွက် အဆင်ပြေမှုရှိပေမဲ့လည်း ကျနော်တို့ ရေရှည်အသက် မွေးဝမ်းကျောင်းလုပ်ငန်း ဆုံးရုံးနေကြတယ်။ ဒါကြောင့် အားလုံးက အနာဂတ်အတွက် တွေးပြီး စိုးရိမ်နေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်းပက်သံမဏိစက်ရုံကို ၂၀၀၄ ခုနှစ်တွင် ရုရှားကုမ္ပဏီ( TPE) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့မှ စတင်အကောင်အထည်ဖော်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်း ဆက်လက်ဖောက်လုပ်ကာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြန်လည်စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်နေသည်။

လွန်ခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင် ရှရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗ်ရော့နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်တို့သည် နေပြည်တော်တွင် တွေ့ဆုံစဉ် အဆိုပါ ပင်းပက်သံမဏိစက်ရုံးကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။