စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ။
ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာထဲသို့ ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသူအမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကြားရှိ စစ်ကောင်စီတပ် ခမရ ၅၄၆ တပ်ရင်းသည် ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စခန်းမှနေ၍ ကော့ဝါလဲကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ၄ ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာတွင် အသက် ၃၀ကျော်အရွယ် ရွာသူတစ်ဦး၏ ဒူးခေါင်းကို ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ကော့ဝါလဲ ရွာသားတစ်ဦးက ပြောသည်။
၎င်းက “ဒီမနက် ၈နာရီလောက်မှာ (၅၄၆) တပ်ရင်းကနေ ရွာထဲကို ပစ်တာ၊ ရမ်းပစ်တာအချက်များတော့ လူ၊ အိမ်၊ တိရိစ္ဆာန်တစ်ခုမထိ တစ်ခုထိတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီများသည် ယခုရက်ပိုင်းအတွင်း နေ့စဉ်လိုလို လက်နက်ကြီး၊ လက်နက်ငယ်များရမ်းသမ်းပစ်ခတ် လေ့ရှိ သောကြောင့် ရွာသူ/ရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျေးရွာထဲတွင် လူအနည်းငယ်သာ နေထိုင်တော့သည်ဟု ရွာသားများက ပြောသည်။



















