စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဖားအံမြို့ ပြည်နယ်အုပ်ချုပ်ရေးရုံးကြီး တစ်မိုင်ပတ်ခြာလည်အား ဗုံးထောင်ဖောက်ခွဲနိုင်မှုမရှိစေရေး ရေဒီယိုလှိုင်းဖြတ် စက် Jumper Cover စက်များ တပ်ဆင်ထားသည့်အတွက် ရုံးလုပ်ငန်းလုပ်ဆောင်သည့် အခြားဆက်သွယ်ရေး ကိရိယာများအသုံးပြုမှု အခက်အခဲကြုံနေကြရကြောင်း စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းများက ပြောသည်။
ဖားအံစစ်ကောင်စီအုပ်ချုပ်ရေးဌာနဝန်ထမ်းတစ်ဦးက “ပြည်နယ်ရုံးကြီးမှာ ဗုံးခွဲလို့မရတဲ့စက်တပ်ထားတယ်၊ တစ်မိုင်ပတ်လည် ဗုံးခွဲလို့မရတဲ့ Jumper လွှင့်စက်ပေါ့၊ အဲ့ဒါတပ်ထားတော့ ဖုန်းလိုင်းတွေ၊ စကားပြောစက်လိုင်းတွေ၊ အင်တာနက် ဝိုင်ဖိုင်တွေသုံးရတာ အဆင်မပြေ ဖြစ်တယ်။ ရုံးပေါ်က ၀န်ထမ်းတွေ ဖုန်းသုံးရတာ ဟန်းဆက် မော်ဒယ်နိမ့်တာတွေဆို၊ ဖုန်းလိုင်းဝင်လိုင်းထွက်မမိတာမျိုးကြုံရတော့ ရုံးအလုပ်လုပ်ရတာ အဆင်မပြေတာတွေ ကြုံရတယ်၊ စကားပြောစက်တွေ လိုင်းမမိဘူး၊” ဟု ပြောသည်။
ထို့အပြင် သိမ်တော်ကြီးကုန်းနားရှိ ဆက်သွယ်ရေးတပ်တွင်လည်း နည်းပညာသုံး စောင့်ကြည့် စနစ်ပါသော စက်များနှင့် စက်အဖွဲ့တပ်သားများချထားသလို မြို့ထဲရပ်ကွက်လမ်းထိပ်များကိုလည်း CCtv စောင့်ကြည့် ကင်မရစနစ်များ ထပ်တိုးတပ်ဆင်သွားရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းအုပ်ချုပ်ရေးဌာန ဝန်ထမ်းက ဆက်ပြောသည်။
ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာ၀န်ထမ်းများ၊ စစ်ကောင်စီထောက်ခံသည့် ဒေသခံအချို့ နှင့် ကျေးနယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ဒေသခံလူထုအား ဖိအားပေးပူးပေါင်းပါ၀င်စေလျက် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ ဌာနဆိုင်ရာအလိုက် စစ်ကောင်စီ ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ၏ သြဝါဒခံယူပွဲများ လုပ်ဆောင်ကာ စည်းရုံးရေး လုပ်ငန်းစဉ်များ လှည့်လည်လုပ်ဆောင်ခြင်းတို့ကို နေ့စဉ်လုံခြုံရေး အင်အားအများအပြားအသုံးပြု လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
“ပြည်နယ်ကောင်စီက လူကြီးတွေက နေ့တိုင်း ဖားအံနယ်ထဲမှာ တစ်ပွဲမဟုတ်တစ်ပွဲလှည့်သွားနေတယ်၊ အားကစား၊ သြဝါဒခံယူပွဲ၊ အထိမ်းအမှတ်အခမ်းအနား၊ အထောက်အပံ့ပေးအပ်ပွဲ၊ ဘုန်းကြီးကျောင်းတွေ လိုက်တွေ့တဲ့ပွဲတွေပဲ ပတ်သွားနေတယ်။ လုံခြုံရေးကတော့ BGF၊ စစ်တပ်၊ ရဲအပြည့်ပဲ၊ ဖားအံကနေအပြင် ထွက်သွားတာဆိုလို့ လှိုင်းဘွဲ မြိုင်ကြီးငူဘက်ကိုပဲသွား လို့ရတယ်။ တခြားနယ်တွေမြို့တွေ၊ ရွာတွေဘက်ကို သွားလို့ မရဲကြဘူး။ အခုတလောက ဖားအံမြို့ပေါ်တောင် ပစ်ခတ်မှု၊ ဗုံးလန့်မှု၊ ဗုံးကွဲမှုတွေ ခဏခဏ ဖြစ်နေတယ်”ဟု ဖားအံ အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ အုပ်ချုပ်မှုအား ဆန့်ကျင်တော်လှန်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ နယ်မြေများတွင် စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းကျူးကျော် ၀င်ရောက်တပ်စွဲတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်နယ်မြို့ ဖားအံတွင်လည်း ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ဘဏ်ဓါးပြတိုက်မှုနှင့် လုယက်မှုများ နေ့စဉ် ရက်မခြား ဖြစ်ပွားနေကြောင်း သိရှိရသည်။



















