Home သတင်း DKBA ဌာနချုပ်အနီး တိုက်ပွဲတွင် ဒေသခံထိခိုက်သေဆုံးမှုရှိ

DKBA ဌာနချုပ်အနီး တိုက်ပွဲတွင် ဒေသခံထိခိုက်သေဆုံးမှုရှိ

1335
Photo: CJ

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဒေါနအရှေ့ခြမ်း မြဝတီတောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင် ကျေးရွာအနီး လေးဝေါ်(တောင်နီ) ကျေးရွာ၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့နံနက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ရွာတွင် ရောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲဝင်အချို့သည် ယနေ့ နံနက် ၁၁ နာရီကျော်တွင် လေးဝေါ်(တောင်နီ)ကျေးရွာ ဘုရားကုန်းပေါ်သို့ တက်ရောက်သွားစဉ် KNLA ပူးပေါင်း တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်ကြသည့်အတွက် လေးဝေါ်ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးပြီး DKBA တပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူးတစ်ဦးက ပြောသည်။

၎င်း DKBA တပ်မှူးက “စစ်တပ်တွေက လေးဝေါ်မှာတပ်စွဲပြီး အပေါ်ဘက်ကို တက်သွားလို့ဖြစ်မယ်၊ ဟိုဘက်က ဒရုန်းနဲ့လာပစ်တာပေါ့။ စစ်တပ်ဘက်က ၁၂၀ မမနဲ့ပြန်ပြီးပစ်တယ်၊ အပြန်အလှန်ပစ်ခတ်တော့ အဲမှာ ဒေသခံ တစ်ဦး ထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်။ DKBA တပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိသွားသေးတယ်။” ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် လေးဝေါ် ကျေးရွာနှင့် ကပ်လျက်သေ့ဘောဘိုးကျေးရွာမှ စစ်ရှောင်အရပ်သားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာတာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

လေးဝေါ်(တောင်နီ)ကျေးရွာတွင် စစ်ကောင်စီတပ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားသည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်၍ ထိုနေရာတွင် စစ်ကောင်စီတပ်နှင့် DKBA တပ်ဖွဲ့ ဝင်များသာရှိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

Photo: CJ

KNLA ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လေးဝေါ်မှာ စစ်တပ်အပြည့်ပဲရှိတော့တယ်၊ ဒေသခံတွေမရှိတော့ဘူးလေ။ ဟိုဘက်က ထိရင်တော့စစ်တပ်နဲ့ အတူနေတဲ့ လူတွေပဲဖြစ်မယ်။ ထိတာက ကျနော်တို့ မသိဘူး။ စစ်တပ်ဘက်က သေ့ဘောဘိုးရွာဘက်မှာ လက်နက်ကြီးပစ်လို့ ဒေသခံထိမှန်တာတော့ သိရတယ်”ဟု ပြောသည်။

DKBA ဌာနချုပ်ရှိ ဆုံဆည်းမြိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သည်လည်း လက်နက်ကြီးနှင့် ပြန်လည်ပစ်ကူနေမှုများရှိသည့်အတွက် ဆုံဆည်းမြိုင်ဘုန်းကြီးကျောင်းဝင်းထဲရှိ ဒေသခံစစ်ရှောင် ၃၀၀ ကျော် လည်း တစ်ဖက်ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်နှင့် လေးဝေါ်(တောင်နီ) ကျေးရွာများထဲတွင် စစ်ကောင်စီ အင်အား(၃၀၀)ခန့်က ဝင်ရောက်တပ်စွဲနေရာယူထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ကြီးစောစတီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေချိန်လည်းဖြစ်သည်။