Home သတင်း အိန္ဒုတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ

အိန္ဒုတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ

1128
Photo: Myanmar Rescue Organization _EinDu

စက်တင်ဘာလ ၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ အိန္ဒုကျေးနယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဟု နာမည်ကြီးနေသူ အသက် ၅၀ ကျော်အရွယ် ဦးခွင့်လွတ်ပါဆိုသူအား ယနေ့ စက်တင်ဘာလ ၈ရက်၊ ညနေ ၇ နာရီခန့်တွင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခြင်းခံရသည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူ့နာမည်က ဦးခွင့်လွတ်ပါ။ ဒီနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ သူ့အိမ်ကနေထွက်လာပြီးတော့ သူ့အိမ်လမ်းထိပ်က ရပ်ကွက် ဓမ္မာရုံမှာ ဓမ္မစကြာ ရွတ်ဖတ်တော့ အဲဒီမှာ သွားဖို့ဖြစ်မယ်။ သွားဖို့လုပ်တဲ့အခါမှာ ဆိုင်ကယ်တစ်စီးဝင်လာပြီး အနီးကပ်ပဲ သေနတ်နဲ့ ၂ ချက် ပစ်ထည့်လိုက်တယ်။ ရင်ဘတ်ထိ လိုက်တယ်။ ပစ်တဲ့သူတွေက ပစ်ပြီးပြီးချင်းမှာပဲရှောင်လိုက်ပြီ။ သူ့ကို အိန္နုကားဂိတ်မှာ သွားပို့တော့ ဆရာဝန်တွေက လက်မခံတော့ဘူး။ သွေးထွက်လွန်တော့ ဖားအံကို မရောက်ဘဲ သေသွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဦးခွင့်လွတ်ပါသည် နအဖ စစ်အစိုးရ လက်ထက်၊ သမ္မတ ဦးသိန်းစိန်လက်ထက် ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက်အထိ အိန္နုကျေးနယ်တွင် နာမည်ကြီး သတင်းပေးတစ်ဦးဖြစ်ပြီး ၎င်း၏ လက်ချက်ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သည့် လူငယ်အမြောက်အများ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် သူသည် စစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်ဆောင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လိုက်လံဖမ်းဆီးခြင်း၊ ပြည်သူများအပေါ် မတရားခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် စစ်ကောင်စီ၏ အကာအကွယ်ယူပြီး မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိန္နုကျေးရွာအဝင်အထွက်လမ်းများတွင် ဂိတ်ချပြီး ပိုက်စိပ်တိုက် စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ဂရုဏာတွဲလက်လူမှုကယ်ဆယ်ရေးအဖွဲ့( အိန္ဒု)က ဖားအံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဟု Myanmar Rescue Organization _EinDu ၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။