စက်တင်ဘာ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေ စစ်ကောင်စီတပ်စခန်းမှ တပ်ချိန်းအပြောင်းအလဲလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံအရပ်သား (၉)ဦးကို လူသားဒိုင်းအဖြစ် စက်တင်ဘာလ (၆)ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကေအဲန်ယူက ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
လေးကေစခန်းရှိစစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ-၄၀၁၊ ခမရ-၄၁၀တပ်မှ တပ်ဖွဲ့များသည် တပ်အပြောင်း အလဲပြုလုပ်ရန် ဝင်းတာပန်စခန်းကို ပြန်လာစဉ် အကာအကွယ်အဖြစ် ကားမဲရွာ၊ တာပေါ်ခီးရွာ၊ နော့ကတိုခီး၊ ကျောက်တောင်နှင့် နို့တလာအောရွာရှိ စုစုပေါင်း ဒေသခံအရပ်သား (၉)ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဒေသခံအရပ်သား (၉)ဦးထဲမှ (၆)ဦးကို စက်တင်ဘာလ (၆)ရက်နေ့တွင် ပြန်လည်လွှတ်ပေးသော်လည်း ကျန်ရှိသည့် (၃)ဦးမှာ ပြန်မလွှတ်ပေးဘဲ စက်တင် ဘာလ(၇)ရက်နေ့ ညအချိန်တွင် ပိန္နဲတောစစ်ကောင်စီတပ်စခန်းအထိ ခေါ်ဆောင်သွားသည်ဟု ကေအဲန်ယူ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ဒေသခံတစ်ဦးက” ခြင်းတွေလွယ်ပြီး ဟိုနေ့က တစ်ဖွဲ့ပြန်သွားတယ်။ ပြန်တဲ့လမ်းမှာ ဒေသခံတွေဖမ်းတာတော့ ပြောကြတာကြားတယ်။ သူတို့က ပြန်ရင် တစ်ခါထဲမပြန်ဘူး ကြားထဲက သူတို့စခန်းမှာ ဝင်တယ် ပြီးမှ မိုးချုပ်မှ သူတို့ထွက်တယ်။ အဲလိုပဲလိုက်သွားတယ် လမ်းလည်းမယူဘူး။ ဖမ်းသွားတဲ့လူတွေကိုလည်း တဲတွေမှာ ဒါမှမဟုတ် လမ်းမှာတိုးပြီး ဖမ်းခေါ်သွားတာဖြစ်မယ်။ ကျန်တဲ့တစ်ဖွဲ့လည်း အရက်တော်တော်သောက်တယ်။ ပြီးတော့ သူတို့ခေါင်းဆောင်က စိတ်မရှည်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် တပ်စွဲထားသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာလ (၄)ညက အရက်မူးပြီး ရွာထဲသို့ ဝင်၍ သေနတ်ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခြင်း၊ ဒေသခံများအား ဆဲဆိုကြိမ်းမောင်းနေခြင်းများ ပြုလုပ်ခဲ့သလို ၎င်းသေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် ထိမှန်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
လေးကေကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက်နေ့တုန်းကလည်း လေးကေရွာအပါအဝင် သူးကဘီး၊ မြစ်ကျိုး စသည့် ကျေးရွာတာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံကာ ဝါးအချောင်းရေ တစ်ထောင်နှင့် သစ်များအတင်းအဓမ္မခုတ်ယူခိုင်းစေခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ၏ ပြောချက်အရ သိရသည်။
ထို့အပြင် ကမမောင်းနှင့် ကတိုင်တိရှိ စစ်ကောင်စီတပ်စခန်းမှလည်း ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေ၊ ဘီးလင်းမြို့နယ်ထဲသို့ မကြာခဏ လက်နက်ကြီးလှမ်းပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၃၀)ရက်နေ့တွင်လည်း လေးကေတပ်စခန်းသို့ တပ်ချိန်းရန် စစ်ကြောင်းထိုးလာသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ (ခမရ)-၄၁၀ တပ်ဖွဲ့ဝင်များသည် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် -KNDO၊ မဟာမိတ်တော် လှန်ရေးအင်အားစုများကြား ထိတွေပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၆)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။



















