စက်တင်ဘာလ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၏မြို့တော် ဖားအံမြို့ ကန်သာယာ၌ ယနေ့ စက်တင်ဘာလ (၈)ရက် နံနက်တွင် စစ်ကောင်စီခန့် ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး ဦးဆောင်ကျင်းပသည့် လှေလှော်ပြိုင်ပွဲကို မြို့ခံများက ဝေဖန်လျက်ရှိသည်ဟု သိရသည်။
ပြည်နယ်၏ မြို့နယ်တော်တော်များများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုအကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသလို သိန်းနှင့်ချီသည့် ဒေသခံပြည်သူများစစ်ဘေးရှောင်နေရချိန်နှင့် ဖားအံမြို့တွင် ဒုစရိုက်ဆန်ဆန် လုယက်မှုများ ပေါများနေချိန် ယခုလို လှေလှော်ပြိုင်ပွဲ ကျင်းပနေသည့်အပေါ် မြို့ခံများ ထောက်ပြဝေဖန်နေခြင်းဖြစ်သည်။
မြို့ ခံတစ်ဦးက “အခုက ရပ်ကွက်ထဲမှာ အုပ်ချုပ်ရေးမှူးတွေက ပွဲတွေလိုက်လုပ် နေတာ။ တိုက်ပွဲဖြစ် နေတဲ့နေရာတွေမှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေမှ အားမနာပျော်နေကြတာ။ အခုလုပ်သမျှပွဲတွေက သူတို့ပဲ။ ကန်သာယာ တံတားမှာ လှေလှော်ပြိုင်ပွဲလုပ်နေတာ အသံတွေကြားနေရတယ်။ ပြောလို့မရဘူးလေ ဗုံးထပေါက်ရင် အကုန်လုံးသေကုန်မှာ။ ကျနော်ကတော့မသွားဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။
မြို့ပေါ် ရပ်ကွက်အလိုက် ပါဝင်ယှဉ်ပြိုင်ရမည့် အဆိုပါ လှေလှော်ပြိုင်ပွဲကို (၃) ရက်ဆက်တိုက် ကျင်းပ ပြုလုပ် သွားမှာဖြစ်ပြီး ယနေ့ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး နှင့် ဌာနဆိုင်ရာဝန်ထမ်းများက တက်ရောက်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
အလားတူ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီတပ် ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက် အတွင်းရှိ လူငယ်များကို နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှု မရှိစေရန် ရည်ရွယ်ပြီး ဘောလုံးပြိုင်ပွဲများ အခြားသောပျော်ပွဲ ရွှင်ပွဲများကို လိုက်လံစည်းရုံး လုပ်ဆောင်လျက်ရှိကြောင်းလည်း မြို့နေလူထုများထံမှ သိရသည်။




















