Home သတင်း ဖလူး-ဝေါလေလမ်းပိုင်း နေရာများဘက်သို့ အတွဲလိုက်ဒုံးသီးများဖြင့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်

ဖလူး-ဝေါလေလမ်းပိုင်း နေရာများဘက်သို့ အတွဲလိုက်ဒုံးသီးများဖြင့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်

1147

စက်တင်ဘာ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းတစ်လျှောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားသည့်နေရာများဘက်သို့ စစ်ကောင်စီတပ်က အတွဲလိုက်ရော့ကက်ဒုံးလက်နက်ဖြင့် ညဘက်ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်အရ သိရသည်။

“စစ်ကောင်စီတပ်က ၃ ထပ်ကွေ့ ကျော်ဝါးဘိုးဂိတ်ဟောင်း ဘုရားကုန်းကနေ လက်နက်ကြီးတွေ ဆင်ထားတယ်။ မြ၀တီက BGF တွေက ခဲယမ်းနဲ့ လက်နက်ကြီးကျည်တွေ ပို့ပေးနေတယ်၊ ညက ၁၂နာရီကျော် ၁ နာရီထိုးခါနီးလောက်မှာ အတွဲလိုက် ရော့ကက်ဒုံးတွေနဲ့ နေရာစုံကို ပစ်တယ်။ လေးကပေါ်ရေတံခွန်တောင်တို့၊ ကဆောဝါးလေး တောင်ကြောဘက်ကို အလုံး ၂၀ ၀န်းကျင်လောက် ရှိမယ်ထင်တယ်။ ဆုံဆည်းမြိုင်နဲ့ တောင်နီ (လေးဝေါ်)ဘက်တွေမှာလည်း လက်နက်ကြီး ရမ်းသမ်းပစ်တာတွေ လုပ်တယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု KNLA သတင်းအရင်းအမြစ်က ပြောသည်။

ယခုစက်တင်ဘာလအတွင်း ဖလူး-ဝေါလေ ၃ထပ်ကွေ့၊ ဆုံဆည်းမြိုင်၊ ဝေါလေလမ်းပိုင်းနေရာများတွင် စစ်ကောင်စီတပ်မှ စစ်ဆင်ရေးလုပ်ဆောင်တိုက်ခိုက်နေသလို ဒေါနတောင် အနောက်ခြမ်း ကော့ကရိတ်၊ ကျိုက်ဒုံ၊ တောင်ကြာအင်းနှင့် ကျုံဒိုး (၅) တိုင်ကျေးရွာများဘက်တွင် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းများနှင့် ပြောက်ကျားပစ်ခတ်မှုများ ဆက်လက်ရှိနေကြောင်း KNLA သတင်းအရင်းအမြစ်ဘက်က ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ မြ၀တီမြို့ပေါ် ပတ်၀န်းကျင်တွင်လည်း နယ်ခြားစောင့်တပ်-BGF ၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လုံခြုံရေးတိုးမြှင့်ကင်းပတ်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်းလည်း မြဝတီဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီနှင့် နီးစပ်သည့် မြ၀တီမြို့ခံတစ်ဦးက “အခု မြ၀တီမြို့က BGF ဂိမ်းရုံ၊ ကာစီနိုတွေလည်း ပိတ်ထားတယ်။ တရုတ်ကိုငှားတဲ့ အဆောက်အဦးတွေ ဆောက်တာလည်း တချို့နေရာတွေ ရပ်ထားတယ်။ BGF ကတော့ မြို့ထဲ စစ်တပ်နဲ့ တွဲပြီးတော့ရော၊ သူတို့ BGF သီးသန့်ရော ယာဉ်တန်းနဲ့ ကင်းလှည့်လိုက်၊ အထိုင်လုံခြုံရေး ကတုတ်တွေနဲ့ ကင်းချိန်းလိုက်၊ လေးကေကော်ဘက် စစ်ကူပို့ပေး၊ ရိက္ခာပို့ပေးလိုက် အင်အားအပြည့်နဲ့ လုပ်နေတယ်၊ “ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း မြ၀တီ ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင် ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ဖားအံ စသည့မြို့နယ် (၇)ခုတွင် စစ်ကောင်စီ ပြည်နယ်အုပ်ချုပ်ရေး ယန္တယား လည်ပတ်နိုင်မှုမှာ ပြည်နယ်မြို့ ဖားအံ အနီးဝန်းကျင်သာ စိုးမိုးအုပ်ချုပ်နိုင်သည့် အနေအထားရှိနေပြီး ကော့ကရိတ်မြို့၊ ဖာပွန်မြို့တို့မှာ ရဲနှင့် စစ်တပ်မှလွဲ၍ စစ်ကောင်စီဌာနဆိုင်ရာ အုပ်ချုပ်ရေး ရပ်ဆိုင်းကုန်ပြီဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောဆိုကြသည်။

ထို့အတူ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်မြို့ဘက်တွင်လည်း မြို့ပေါ်ရပ်ကွက်များနှင့် စစ်ကောင်စီ ဌာနဆိုင်ရာ ရုံး၀န်ထမ်းများ အလှည့်ကျရုံးတက်သည့် အခြေအနေဖြင့် ဆက်လက် ဖွင့်လှစ်ထားသော်လည်း လူထု၀န်ဆောင်မှုလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းလုပ်ငန်းများ မလုပ်ဆောင်နိုင်တော့သည့်အခြေအနေ ဖြစ်နေကြောင်း စစ်ကောင်စီ ဌာနဆိုင်ရာ Non CDM ၀န်ထမ်းများ နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။