စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် ဆန်များသယ်ဆောင်ရာတွင် စစ်ကောင်စီဘက်မှ ကန့်သတ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် ထားဝယ်အရှေ့တောနယ်ဒေသတွင် ဆန်စျေးတက်ပြီး အခက်အခဲအကြပ်အတည်းများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့ အဝင်အထွက် စစ်ကောင်စီဂိတ်များတွင် ပြီးခဲ့သည့် ဇူလိုင်လကတည်းကစတင်၍ စစ်ကောင်စီတပ်မှ ဒေသအတွင်း ဆန်လာရောက်ဝယ်ယူသည့်ဒေသခံများကို ၁၀ အိတ်နှင့်အထက် ဆန်သယ်ယူခွင့်မပြုကြောင်း ကန့်သတ်ထားကာ ဆန်သယ်ဆောင်သူများထံတွင်လည်း အဆမတန်ငွေကြေးကောက်ခံနေသည့်အတွက် ဒေသအတွင်းဆန်စျေးနှုန်းတက်ပြီး လက်လုပ်လက်စား ပြည်သူများအတွက် အခက်အခဲများကြုံတွေ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ အစ်မတို့ ဒေသမှာ ဆန်သယ်ယူခွင့်ကို အရေအတွက်နဲ့ ကန့်သတ်ထားလို့ ကျေးရွာတွေမှာ အဆမတန် ဆန်စျေးပေးပြီးဝယ်စားရတယ်။ ထားဝယ်မှာ ၃ သောင်းခွဲဝယ်ရရင် ရွာမှာ ၄ သောင်းခွဲလောက် ရှိသွားတယ်။ အဲဒါ ဆန်ကြမ်းစျေးပဲရှိသေးတယ်။ နေ့စားလုပ်ရတဲ့ လူထုတွေအတွက်က တော်တော်အဆင်မပြေဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ဆန်သယ်ဆောင်ခွင့်ကို ကန့်သတ်သည့်အပြင် စစ်ဆေးမေးမြန်းမှုများလည်း ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည့် အတွက် ဒေသခံလူထုများသည် ဆန်များကို ပေါ်ပေါ်ထင်ထင် သယ်ဆောင်၍မရဲတော့သည့်အခြေအနေရှိလာသည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ဆောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။
အရှေ့တောနယ်ဒေသတွင် စျေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ ဆန်၁၀ အိတ်အထက်လို့ပြောပေမယ့်လည်း ၁၀ အိတ်အထိတောင် မသယ်ရဲဘူး။ တစ်ခါသယ်ရင် နှစ်အိတ်က အများဆုံးပဲ ခိုးခိုးဝှက်ဝှက်နဲ့ သယ်ရတာပေါ့။ ရွာရောက်ရင်ဆန်တွေက စျေးအဆမတန်တင်ရောင်းကြတာပေါ့။ ပြီးတော့ အခြားစားသောက်ကုန်တွေလည်း စျေးတက်တယ်။ လူထုတွေက မဝယ်စားနိုင်တော့ အကြွေးတွေနဲ့ပိတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထားဝယ်မြို့နယ်အတွင်း လမ်းမကြီးပေါ်ရှိ ချထားသည့် စစ်ကောင်စီ ဂိတ်များတွင် ကုန်ပစ္စည်းများ သယ်ဆောင်သည့်အခါတွင် စစ်ဆေးမေးမြန်းမှုများတင်းကြပ်နေဆဲဖြစ်သလို သွားလာနေသည့် လူထုသည်လည်း မကြာခဏဖမ်းဆီးရိုက်နှက်ခံရခြင်းနှင့် ငွေညစ်တောင်းယူခြင်းများလည်း ကြုံတွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။