Home သတင်း စစ်ကောင်စီနှင့် နီးစပ်သူများ လိုင်စင်မဲ့ကား အသုံးပြုမှု များပြားလာသဖြင့် နယ်စပ်လိုင်စင်မဲ့ကား ရောင်း၀ယ်သူများ အလုပ်ဖြစ်နေ

စစ်ကောင်စီနှင့် နီးစပ်သူများ လိုင်စင်မဲ့ကား အသုံးပြုမှု များပြားလာသဖြင့် နယ်စပ်လိုင်စင်မဲ့ကား ရောင်း၀ယ်သူများ အလုပ်ဖြစ်နေ

1418
Photo: CJ

စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီဘက်မှ မြန်မာပြည်တွင်း ပို့ဆောင်ရောင်း၀ယ်နေသော လိုင်စင်မဲ့ကားစျေးကွက်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မြို့ပြဒေသအတွင်း စစ်ကောင်စီနှင့် နီးစပ်သူများ လိုင်စင်မဲ့ကား အသုံးပြုမှု ပိုမိုများပြားလာသည့်အတွက် မြ၀တီနယ်စပ်လိုင်စင်မဲ့ကား အရောင်းအ၀ယ် နှင့် နယ်အရောက်ပို့ သူများ အလုပ်ဖြစ်နေကြောင်း လိုင်စင်မဲ့ကား နယ်အရောက် ပို့ဆောင်ပေးသူ ယာဉ်မောင်းများက ပြောသည်။

“အခုက လမ်းကြောင်းဆင်းတာကတော့ နယ်ပေါင်းစုံပါပဲ သူအချိတ်ဆက်နဲ့သူပေါ့ ၊ မြ၀တီကနေ ပို့မယ်ဆိုရင် လမ်းကြောင်း ထုတ်တဲ့သူဂိတ်ကြေးရှင်းတဲ့သူက စီစဉ်ထားပြီးသားကို မောင်းဆင်းပို့ ရတာပါပဲ။ မြ၀တီကနေ ရန်ကုန် ၊မန္တလေး၊ တောင်ကြီး၊ ဧရာ၀တီဘက်ပေါ့ ၊ အခုက အရောင်းအ၀ယ် ပိုဖြစ်နေတယ်။ လိုင်စင်ကားထက် စျေးသက်သာတယ်။ စီးတဲ့သူတွေက သူတို့နယ်မှာ သူတို့ စစ်ကောင်စီနဲ့ ပိုင်ရာဆိုင်ရာ နီးစပ်ပတ်သက်သူတွေက လိုင်စင်မဲ့ကားတွေ ၀ယ်စီးကြတာများတယ်။ “ဟု ပြောသည်။

ထို့အပြင် ယခင်က သိန်းတစ်ရာတန် လိုင်စင်ကားတစ်စီးလျှင် ယခုသိန်းနှစ်ရာကျော်အထက်တွင်ရှိပြီး လိုင်းစင်မဲ့ကားများ၏ တန်ဘိုးမှာ ယခင်စျေးကွက်အတိုင်းသာရှိသည့်အတွက် ခေတ်ပျက်ချိန် အခြေအနေကောင်းနေသောသူများက ဝယ်စီးကြသည်ဟု အဆိုပါလိုင်စင်မဲ့ကား ပို့ဆောင်ပေးသူက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း လိုင်စင်မဲ့ကား တင်သွင်းရောင်းချသည့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဂိတ်၀င်းများတွင် လိုင်စင်မဲ့ တစ်ပတ်ရစ်ကားစျေးကွက်မှာ ပုံမှန်ရောင်း၀ယ်မှုရှိနေဆဲ ဖြစ်ကြောင်း၊ ကားပို့လမ်းကြောင်းတစ်လျှောက် အစစ်အဆေး တင်းကြပ်ထားသော်လည်း လိုင်စင်မဲ့ကား ပို့သည့်လုပ်ငန်း ခေါင်းဆောင်များမှာ စစ်ကောင်စီလူကြီးများနှင့် ချိတ်ဆက်လုပ်ဆောင်ကြသည့်အတွက် ယာဉ်မောင်းများ အစစ်အဆေးခံရမှု နည်းပါးကြောင်း လိုင်စင်မဲ့ကား ရောင်း၀ယ်သူတစ်ဦးက ပြောသည်။

၎င်းက “ဂိတ်တာ၀န်ကျ ရဲတို့၊ စစ်တပ်တို့၊ ဆေးလိပ်၊ ကွမ်း၊ အချိုရည်၊ရေသန့်ဗူး တို့ ၀ယ်ပြီး ချပေးခဲ့ပြီး ကိုယ့်ကို ရင်းနှီး အောင်တော့ လုပ်ထားပြီး မောင်းသွား ရတာပေါ့ ။ တချို့ကျတော့လည်း အလွတ်ဖြတ်ကြတယ်။ ကိုယ့်ဘာသာကိုယ် ဂိတ်တွေက စစ်တဲ့သူကို ငွေပေးပြီး ဖြတ်ကြတာမျိုးလည်း ရှိတယ်။ ပြည်တွင်းမှာက အ၀ယ်လိုက်နေတော့ လုပ်နေကြရတာပါပဲ။ တရား၀င်တော့ မဟုတ်ဘူးပေါ့၊ မောင်းပို့ကြေးကတော့ ကားအမျိုး အစားပေါ် မူတည်ပြီး ၃ သိန်းကနေ ၁၀သိန်း လောက်အထိရှိတယ်” ဟု က ပြောသည်။

ဂျပန်နိုင်ငံသုံး တစ်ပတ်ရစ် ပစ္စည်းများ၊ လိုင်စင်မဲ့ကား၊ ယာဉ်စက်ယန္တယားများ၊ ထိုင်းနိုင်ငံ ထုတ်ကုန်များအား မဲဆောက်၊ မြ၀တီနယ်စပ် သောင်ရင်းမြစ်ဘေးနေရာတွင် တရားမ၀င် နိုင်ငံဖြတ်ကျော် တင်သွင်းရောင်း၀ယ်နေသည့် စျေးကွက်ကြောင့် မြန်မာပြည်တွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းချုပ်အခွန်ကောက်ခံနိုင်ခြင်းစနစ်ယိုယွင်းပျက်စီးနေပြီဟု နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

၎င်းအပြင် စစ်ကောင်စီအုပ်ချုပ်ရး ဒေသဌာနဆိုင်ရာအလိုက် တာ၀န်ကျသည့် ၀န်ထမ်းများသည်လည်း အကျင့်ပျက်ခြစား လာဘ်ငွေယူ ဖြတ်သန်း သယ်ဆောင်ရောင်း၀ယ်ခွင့် ပြုထားသဖြင့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ ၀န်ထမ်းများ ၀င်ငွေကောင်းနေကြကြောင်း နီးစပ်သူများက ပြောဆိုကြသည်။