Home သတင်း ရိက္ခာပြန်ယူသည့် စစ်ရှောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး

ရိက္ခာပြန်ယူသည့် စစ်ရှောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး

1296
Photo: CJ

စက်တင်ဘာ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) မုန်းမြို့နယ်တွင် ကျေးရွာထဲကို ရိက္ခာပြန်ယူသည့် စစ်ရှောင်အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၁၇ရက်နေ့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ သေဆုံးသွားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် တောင်စုကျေးရွာနေ အသက် ၄၆ နှစ်ရှိ နော်သူးလေဖော ဖြစ်ပြီး စစ်ကောင်စီတပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းသည့်အတွက် ကျေးရွာအပြင်ဘက်တွင် သွားရောက်တိမ်းရှောင်ပြီးနောက် ကျေးရွာ ထဲကို ရိက္ခာပြန်ယူစဉ် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံကရင်လူမှုရေးရာအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

၎င်းက “သူမက ရွာမှာ ဆန်ပြန်ယူတယ်။ ရွာအပြင်မှာ လက်နက်ကြီးကျတော့ ရွာအပြင်ဘက် ပြန်ထွက်တဲ့အချိန် မှာ လက်နက်ကြီး ထိသွားတယ်ပေါ့။ ဟိုတစ်ခါတုန်းက စစ်တပ်က ရွာကလူတွေ အတင်းမောင်းထုတ်တော့ သူတို့ က ရွာနဲ့နီးတဲ့ ရွာအပြင်ဘက်မှာသွားနေတယ်။ ပုံထဲမှာတွေ့နဲ့အတိုင်းပဲ သူမခြေထောက်အနားမှာ ဆန်အိတ်တွေနဲ့ ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီမှ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အချိန်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသလို နတ်သံကွင်းတံတားရှိ ခမရ (၃၅၁) စစ်ကောင်စီတပ်ရင်းမှ တောင်စုရွာထဲကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံဘက်ကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၁)နေ့က ဒေသအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်မှ မုန်းမြို့နယ်ထဲရှိ တမာ ခေါနှင့် တောင်စုကျေးရွာ ရပ်မိရပ်ဖများခေါ်ယူပြီး ဒေသခံများကို အတင်းအဓမ္မ ပြောင်းရွှေ့ထွက်ခွာခိုင်း သည့်အပြင် မထွက်ခွာပါက ကျေးရွာမီးရှို့ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများရှိသည့်အတွက် ဒေသခံအများစု သည် ပြောင်းရွှေ့တိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

မုန်းမြို့နယ်ထဲတွင် ကျေးရွာပေါင်း ၄၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ကြရပြီး ဒေသခံအချို့သည် ကျေးရွာထဲတွင် စစ်ကောင်စီတပ် လှုပ်ရှားမှုမရှိချိန်တွင် ရွာထဲသို့ ပြန်ဝင်၍ ရိက္ခာပြန်သယ်ယူကြသည့်အတွက် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံပြီး ဖမ်းဆီးခံရသူလည်း ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့တွင်လည်း ရိက္ခာ ပြန်ယူသည့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သေးသည်ဟု သိရသည်။