Home ဆောင်းပါး CDM လူငယ်ကျောင်းဆရာရဲ့ ကောက်ရိုးမီးလိုစိတ်ဓာတ်မဟုတ်တဲ့ နွေဦးတော်လှန်ရေးခံယူချက်

CDM လူငယ်ကျောင်းဆရာရဲ့ ကောက်ရိုးမီးလိုစိတ်ဓာတ်မဟုတ်တဲ့ နွေဦးတော်လှန်ရေးခံယူချက်

1090

CDM လူငယ်ကျောင်းဆရာရဲ့ ကောက်ရိုးမီးလိုစိတ်ဓာတ်မဟုတ်တဲ့ နွေဦးတော်လှန်ရေးခံယူချက်

(၄ ဩဂုတ်၊ ၂၀၂၂)

“ကျနော်တို့ ဒီတော်လှန်ရေးကို အောင်ကိုအောင်မှာ။ အဲဒါကြောင့်မို့ ကျနော်တို့ ဇွဲမလျှော့ဘဲ တစိုက်မတ်မတ်နဲ့ ဖြည်း ဖြည်းခြင်းနဲ့ လုပ်ရမှာပဲ။ အချိန်ကတော့ စောင့်ရမှာပဲ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က စနစ်တစ်ခုလုံးကို တွန်းလှန်နေ တဲ့အတွက်ကြောင့်မို့လို့ အချိန်တော့ပေးရမယ်။ ကောက်ရိုးမီးလိုမျိုး စိတ်ဓါတ်လို မဖြစ်သင့်ဘူး။ ဒါကြောင့် ကိုယ့်စိတ်ကို ပြန်သုံးသပ်။ တော်လှန်ရေးမှာ တိုက်မယ်ခိုက်မယ်ဆိုတဲ့ စိတ်ဓါတ်တစ်ခုထဲနဲ့ မရဘူးဆိုတာလည်း လူငယ်တွေကို သိစေ ချင်တယ်။”

ဒါက နွေဦးတော်လှန်ရေးမှာ ကိုယ်တိုင်လည်း လူငယ်တစ်ဦးဖြစ်တဲ့ အသက် (၃၀)နှစ်အရွယ် CDM ကျောင်းဆရာ စောအဲ့ ထီ့ခေါင်း(အမည်ပြောင်း)က ကေအိုင်စီ အင်တာဗျူးချိန်မှာ ကရင်လူငယ်တွေကို ပြောကြားလိုက်တဲ့ စကားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အ တွက် ကရင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ လွတ်မြောက်နယ်မြေတစ်နေရာမှာ ၂၀၂၁ခုနှစ်၊ ဧပြီလ ၆ရက်နေ့က စတင်ရောက်ရှိလာသူပါ။

မြို့ပြနဲ့နီးတဲ့ ကျေးနယ်ဒေသက ကျောင်းဆရာစောအဲ့ထီ့ခေါင်းဟာ သူ ဘာကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိ လာတာနဲ့ ဘယ်လိုလာခဲ့သလဲဆိုတာကို အခုလို ရှင်းပြပါတယ်။

“လွတ်မြောက်နယ်မြေမရောက်လာခင်မှာ ကျနော်က ဆန္ဒပြရင်းနဲ့ ကြာလာတော့ နေလို့အဆင်မပြေတော့ဘူး။ ဆန္ဒပြ တဲ့သူတွေကို လိုက်ဖမ်းဆီးတာတွေ ရှိလာတယ်။ အဲ့လိုရှိလာတော့ ကျနော့်အမျိုးတွေရှိတဲ့ နေရာတွေမှာ လနဲ့ချီပြီးတော့ ကျနော်ခဏတိမ်းရှောင်တယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက်က ကျနော်နဲ့ ဆက်သွယ်လာတယ်။ လွတ်မြောက်နယ် မြေမှာ သင်တန်းတစ်ခုရှိတယ်။ တက်ချင်လားပေါ့။ ဘာသင်တန်းလည်းဆိုတာ ကျနော်က သေချာမသိဘူး။ ဒီအာဏာ သိမ်းတဲ့နောက် ပြန်တော်လှန်ဖို့ တစ်ဒေါင့်တစ်နေရာမှာ ပါဝင်မယ်ဆိုပြီး သင်တန်းတက်ဖို့ ဆုံးဖြတ်လိုက်တယ်။”

ဆရာစောအဲ့ထီ့ခေါင်းက သူနဲ့ချိတ်ဆက်လာတဲ့ သူငယ်ချင်းနဲ့ သင်တန်းတက်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ စသွား ခဲ့ကြပြီး ၂၀၂၁ခုနှစ်၊ ဧပြီလ ၆ရက်နေ့မှာ KNU ထိန်းချုပ်နယ်မြေကို ရောက်ရှိသွားခဲ့တယ်။ နောက်တစ်နေ့ ၇ရက်နေ့မှာ သင်တန်းကို စတင် တက်ရောက်ခဲ့ရတယ်။

အဲ့ဒီသင်တန်းကတော့ လူမှုကယ်ဆယ်ရေးဖြစ်တဲ့ Free Burma Ranger-FBR သင်တန်းဖြစ်ပါတယ်။ သင်တန်း တက် ရောက်လာကြသူတွေ အများစုကတော့ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ နယ်မြေဒေသအသီးသီးက လူငယ်တွေဖြစ်ကြပြီး အဲ့ဒီသင်တန်းကို တက်ရောက်ခွင့်ရလို့ မိမိကိုယ်ကို ဂုဏ်ယူမိတယ်လို့လည်း စောအဲ့ထီ့ခေါင်းက ဆိုပါတယ်။

“သင်တန်းစစချင်းတက်တော့ ဘာသင်တန်းလည်းတော့ မသိခဲ့ဘူး။ ကယ်ဆယ်ရေးလို့ပဲ ပြောတာပဲ။ ၇ရက်နေ့မှပဲ ကျနော် သိလိုက်ရတာက Free Burma Ranger သင်တန်းဖြစ်တယ်။ သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူတွေ ကို ကူညီကယ်ဆယ်ပေးရမယ့် အလုပ်ပါပဲ။ ဒီသင်တန်းတက်ရတာ ကျနော် မမှားဘူးလို့ပဲ ထင်တယ်။ ဘာကြောင့်လဲဆို တော့ ကျနော်တို့နိုင်ငံမှာ ဒုက္ခရောက်တဲ့သူတွေ အများကြီးပဲလေ။ လူတွေကို ကူညီကယ်ဆယ်ပေးရတဲ့အလုပ်ဆိုတော့ ဒီသင်တန်းတက်ဖြစ်ရတဲ့အတွက်ကြောင့် ကျနော့်ကိုယ်ကျနော် ဂုဏ်ယူမိပါတယ်။”

လူသားချင်း စာနာထောက်ထားမှုကယ်ဆယ်ရေး Free Burma Ranger သင်တန်းတက်ပြီးတဲ့နောက် ဆရာစောအဲ့ထီ့ ခေါင်းဟာ KYTC – Karen Youth Training Center လို့ခေါ်တဲ့ ကရင်လူငယ်စွမ်းရည်မြှင့်တင်ရေးစင်တာမှာ သင်တန်း နည်းပြဆရာတစ်ဦးအနေနဲ့ ဝင်ရောက်ကူညီ လုပ်ဆောင်ခဲ့ပါတယ်။

KYTC သင်တန်းစင်တာဟာ ကရင်လူငယ်အစည်းအရုံး-KYO က ဖွင့်လှစ်ထားတဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေးစင်တာ တစ်ခုဖြစ်ပါတယ်။ အဲဒီ စင်တာဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းမှာ KNU ထိန်းချုပ် နယ်မြေတစ်နေရာမှာ စတင်ဖွင့်လှစ်တဲ့ စင်တာတစ်ခုပါ။

အဲ့ဒီ KYTC စင်တာတည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုကယ်ဆယ်ရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာနဲ့ အခြားအသိပညာ၊ အတတ်ပညာရပ်တွေကို ကဏ္ဌအလိုက် လူငယ်တွေရဲ့ စွမ်းရည်တွေကို မြှင့်တင်သင် ကြားပေးဖို့အတွက် ဖြစ်ပါတယ်။

KYTC စင်တာသင်တန်းကျောင်းမှာ ဆရာစောအဲ့ထီ့ခေါင်းက လူငယ်တွေကို ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ အပြန်အလှန် ဆက် သွယ်ရေးအပိုင်းကို တာဝန်ယူ သင်ကြားပေးရပါတယ်။

အဲ့ဒီ KYTC သင်တန်းကျောင်းမှာ တက်ရောက်လာကြတဲ့ လူငယ်တွေဟာ ဒေသစုံ၊ လူမျိုးစုံ၊ ဘာသာပေါင်းစုံ လူငယ် တွေဖြစ်ကြပြီးတော့ ဒီ KYTC သင်တန်းကျောင်းတက်ပြီးနောက် လူငယ်တွေဟာ အခြေခံနိုင်ငံရေးနဲ့ စစ်ရေး၊ တော်လှန် ရေးသဘောတရားတွေကို သိရှိနားလည်လာကြတာကို တွေ့မြင်ရတော့ ကျေနပ်ဂုဏ်ယူမိတယ်လို့ ဆရာစောလွင်မိုးက ဆိုပါတယ်။

လူငယ်တွေဟာ တော်လှန်ရေးလုပ်ဆောင်ရာမှာ အားနည်းချက်တွေရှိသလို အားသာချက်တွေလည်း ရှိပါတယ်။ အထူး သဖြင့် တော်လှန်ရေးမှာ ဦးဆောင်နေကြတဲ့ ဘယ်အဖွဲ့အစည်းမဆို ခေါင်းဆောင်တွေအနေနဲ့ အောက်ခြေတွေမှာ ဖြစ် ပေါ်နေတဲ့ တော်လှန်ရေးလူငယ်တွေရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေအမှန်တွေကို ဒီထက်ပိုမိုသိရှိနိုင်ဖို့ ပိုမို ကြိုးစားလုပ်သင့်တယ်လို့ သူက ယူဆပါတယ်။

“လူကြီးတွေအနေနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့နော်။ သူတို့အနေနဲ့ မြေပြင်ဆင်းဖို့ ဒီမှာ လူငယ်တွေ ဘယ်လိုလှုပ် ရှားနေကြလဲ။ ဘယ်လိုလုပ်နေကြလဲဆိုတာလည်း သူတို့သိဖို့ လိုအပ်တယ်လို့ ယူဆတယ်ပေါ့နော်။ ပြီးတော့ လူကြီးတွေ ရဲ့ လုပ်ဆောင်ချက်တွေလည်း သူတို့တွေပဲလုပ်တာ မဟုတ်ဘဲနဲ့ အောက်မှာရှိနေကြတဲ့ ပြည်သူတွေရဲ့အသံတွေ ပါဝင်ဖို့ ဒီထက်လိုအပ်တယ်လို့ ကျနော်ထင်တယ်။ အခုက လုပ်နေတာက အပေါ်ပိုင်းတွေပဲ လုပ်နေတယ်။ အောက်ပိုင်းမှာ ပြည် သူတွေ ဘယ်လိုလုပ်နေလဲ၊ ဘယ်လိုခံစားနေရလဲ။ ပြီးတော့ ဒီမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ဘာတွေလုပ်နေလဲ ဆိုတာလည်း အချို့သောအရာတွေ လူကြီးတွေ သေချာမသိတာတွေလည်း ပါမယ်ထင်ပါတယ်။ ဒါတွေကို လူကြီးတွေ အနေနဲ့ အောက်ခြေမှာ ပိုမိုထိတွေ့စေချင်ပါတယ်။”

ကရင်လူငယ်တစ်ဦးဖြစ်သူ CDM ကျောင်းဆရာ စောအဲ့ထီ့ခေါင်းဟာ လုပ်ဖော်ကိုင်ဘက် လူငယ်အချင်းချင်းကြားမှာ စိတ်နေစိတ်ထားပြည့်ဝသူ သည်းခံနားလည်ပေးတတ်သူတစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့စစ်အာဏာရှင်စနစ် တော်လှန်တဲ့ စိတ်နေစိတ်ထားတွေကိုလည်း ဘဝတူလုပ်ဖော်ကိုင်ဘက် သူငယ်ချင်း ရဲဘော်တွေက လေးစားကြတယ်လို့ KYTC သင် တန်းကျောင်းမှာ စားဖိုမှူးဖြစ်တဲ့ စောအဒီက ပြောပါတယ်။

“ကျနော့်အမြင်မှာ ဆရာက ကလေးလူငယ်တွေအပေါ် ဆူတာ ဟောက်တာ မရှိခဲ့ဘူး။ သူတတ်တဲ့ ပညာတွေကို အားလုံး သင်ပေးတယ်။ သူက သည်းခံစိတ်ရှိတယ်။ စိတ်ဓါတ်လည်း ပြင်းထန်တဲ့သူလည်းဖြစ်တယ်။ ကျနော်လည်း သူ့ကို လေး စားတယ်။”လို့ စားဖိုမှူးက ပြောပါတယ်။

အခုချိန်မှာ စောအဲ့ထီ့ခေါင်း သူတတ်ထားတဲ့ ပညာတွေနဲ့ လူငယ်တွေကို လိုက်လံသင်ကြားပို့ချပေးနေပါတယ်။ ဒီနွေဦး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆုံးဖြတ်ထားသူတစ်ဦးပါ။

ဒီနွေဦးတော်လှန်ရေးကာလအတွင်းမှာ CDM ကျောင်းဆရာတစ်ဦးလည်းဖြစ်၊ စစ်အာဏာရှင်ကို တော်လှန်နေတဲ့လူငယ် တစ်ဦးလည်းဖြစ်တဲ့ ဆရာစောအဲ့ထီ့ခေါင်းဟာ အဓိက သူဖြစ်စေချင်တဲ့ဆန္ဒတစ်ခုကို အခုလို ပြောသွားပါတယ်။

“ကျနော် ရှေ့ဆက်ပြီး ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကို ကျနော်ထမ်းသွားမယ်။ ကျနော်မသေခင်မှာ အဓိက ဖြစ်စေချင် တာတစ်ခုကတော့ ကျနော့်နိုင်ငံ ပြောင်းလဲတိုးတက်တာကို မြင်စေချင်တယ်။ အဲဒါကြောင့်မို့လို့ ဒီမှာရှိကြတဲ့ ERO ဖြစ် ဖြစ်၊ NUG ပဲဖြစ်ဖြစ် အကုန်လုံး စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့နိုင်ငံ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ကျနော်လည်း တစ်ဒေါင့်တစ်နေရာကနေ အဆုံးထိ ပါဝင်လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။”လို့ အာဏာဖီဆန်ရေးလှုပ်ရှား မှု ပါဝင်ခဲ့တဲ့ CDM ဆရာ စောအဲ့ထီ့ခေါင်းက ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုသွားပါတယ်။