Home သတင်း တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါများ စတင်ဖြစ်ပွားနေ

တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါများ စတင်ဖြစ်ပွားနေ

771
Photo: CJ

ဩဂုတ်လ ၄ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များတွင် ခြင်မှတဆင့် ဖြစ်ပေါ်သော ငှက်ဖျားရောဂါကို စတင်ခံစားနေကြရကြောင်း စစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးသူများထံမှ သိရသည်၊၊

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တောတောင်ထဲသို့ စစ်ဘေးရှောင်နေကြရသည့် တောင်ပျောက်တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်များသည် လက်ရှိခြင်ပေါက်ပွားမှု အများဆုံးဖြစ်ပေါ်နေသည့် မိုးရာသီကာလအတွင်း အမိုးအကာနှင့် စားနပ်ရိက္ခာ မလုံလောက်မှုအပြင် ငှက်ဖျား‌ရောဂါများကိုပါ ခံစားလာကြရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက”နေရတာကတောထဲမှာဖြစ်တော့ မိုးရွာရင် ခြင်ထွက်ပြီး ကိုက်တယ်။ ခြင်ထောင် မလုံလောက်မှု တွေရှိ တော့ပိုဆိုးတာပေါ့။ စိုစိုစွတ်စွတ် နေရတာများတယ်။ မိုးရွာရင်တစ်နေရာပြီး တစ်နေရာရွှေ့ရတဲ့ ပြဿနာတွေ လည်းရှိတယ်။ ဆေးဝါးထောက်ပံ့မှုတွေလည်း အားနည်းလာတယ်။ ငှက်ဖျားဖြစ်တဲ့လူ အများစုကတော့ အဲ့လို အာဟာရချို့တဲ့တဲ့လူတွေ အများဆုံးဖြစ်တာ။ နဂိုကတည်းက တောင်ပျောက်တိုက်နယ်မှာ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုမျိုးစုံနဲ့ ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းနဲ့စောင့်ရှောက်မှု မရခဲ့ဘူး။ ပြီးခဲ့တဲ့သုံးနှစ်ခန့်ကမှ နလန်ထူကာစပဲ ရှိသေးတယ်” ဟု‌ ကေအိုင်စီသို့ ပြောသည်။

၎င်းတိုက်နယ်အတွင်းရှိ ကျေးရွာ (၁၀)ရွာမှ စစ်ဘေးရှောင်(၆,၀၀၀)နီးပါးအထိ ရှိနေပြီး စားနပ်ရိက္ခာ ပြတ် တောက်မှုများကိုလည်း လတ်တလောတွင် ရင်ဆိုင်နေကြရသည်။ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပေါ် လာသော ငှက်ဖျားရောဂါအပြင် စစ်ဘေးရှောင်များထဲတွင် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ အများဆုံးပါဝင်နေပြီး ၎င်းတို့ထဲတွင်လည်း ရိက္ခာပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော အာဟာရချို့ တဲ့မှုများကိုပါ ခံစားနေကြရသည်ဟု စစ်ဘေးရှောင် ကူညီသူများက ဆိုသည်။

“အချိန်တွေကြာလာတော့ ရိက္ခာလည်း နည်းလာပြီး တဖြည်းဖြည်းနဲ့ ပြတ်တောက်လာတဲ့ အခြေအနေထိ ဖြစ်နေပြီး။ အဲ့လိုတွေဖြစ်တော့ စစ်ဘေးရှောင်သူတွေအနေနဲ့က အာဟာရပြတ်တောက်မှု တွေဖြစ်တယ်။ ပြီးတော့မိုးရာသီကလည်းဖြစ် ခြင်ကလည်းကိုက်တော့ငှက်ဖျားရောဂါကစလာပြီး။ ဖြစ်တာအများဆုံးကတော့ ကလေးသူငယ်နဲ့အာဟာရ ချို့တဲ့သူတွေ အများဆုံးဖြစ်နေတာ။ ပြီးတော့တိုက်နယ်တစ်ခုလုံးမှာက အရင်တစ်ခေါက်ကပြောသလိုဘဲ ဆရာဝန်တွေ သူနာပြုဘာညာမရှိဘူး။ လူငယ်ဆေးကူ တစ်ဖွဲ့ပဲရှိတယ်၊ အလွန်ပဲအခက်အခဲရောက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်၊၊

တောင်ပျောက်တိုက်နယ်အတွင်းသို့ အခြားဒေသမှနေ၍ စားနပ်ရိက္ခာဝင်ရန် လမ်းမရှိဘဲနှစ်ဖက်ပိတ်မိ သလိုဖြစ်နေကာ စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့တွင် ကျန်ရှိသော ရိက္ခာများကိုသာ စားသုံးနေရကြောင်း ၊ အပြင်သို့ ထွက်ဝယ်မရသည့် အခြေအနေများကြောင့် ကာလကြာမြင့်သည့်အခါ ရိက္ခာပြတ်တောက်သွားနိုင် သည့်အပေါ် စိုးရိမ်နေကြကြောင်းလည်း တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီသူများက ပြောသည်။