Home ဆောင်းပါး သေနတ်ပြောင်းဝကထွက်တဲ့ ဥပဒေ (ဆောင်းပါး)

သေနတ်ပြောင်းဝကထွက်တဲ့ ဥပဒေ (ဆောင်းပါး)

1535

သေနတ်ပြောင်းဝကထွက်တဲ့ ဥပဒေ

စအိုင်သန့်

(၂ ဩဂုတ်၊ ၂၀၂၂)

စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ဥပဒေအတိုင်း လုပ်ဆောင်သည်ဟု မကြာခဏ ပြောလေ့ရှိသည်။ ထို့အပြင် ဥပဒေအထက်တွင် မည်သူမှမရှိဟုလည်း ပြောဆိုလေ့ရှိသည်။ ထိုသို့ပြောဆို ခြင်းသည် ပေါ်တင်(ဗြောင်)လိမ်လည်ခြင်းသာဖြစ်သည်။ စစ်ကောင်စီသည် အာဏာတည်မြဲရန်အတွက်သာ ဥပဒေများ ကို အသုံးချလာသည်မှာ ထင်ရှားနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဥပဒေကို လိုရင်လိုသလို၊ မလိုရင်မလိုသလို အသုံးပြုလာသည်။ အထူးသဖြင့် စစ် ကောင်စီအနေဖြင့် စစ်အာဏာရှင်ကို ထောက်ခံသူများ ဝမ်းသာအားရစေရန်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများ အား နှိပ်ကွပ်ရန်အတွက် ဥပဒေတွေကို အသုံးပြုလာနေသည်။

ခေတ်အဆက်ဆက် ကောင်းစားခဲ့သော တရားသူကြီးများမှာလည်း စစ်ကောင်စီက ခိုင်းသည့်အတိုင်းသာ အမိန့်ချနေ ကြသည်။ ဥပဒေစာ ပြဌာန်းချက်ထက် စစ်ကောင်စီကပေးပို့လာသော စာရွက်ပါ စာသားအတိုင်း ပြစ်ဒဏ်ချခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းများ ပြုလုပ်လာခဲ့သည်။ ထင်ရှားသော သာဓကနှစ်ခုရှိသည်။

NLD အစိုးရလက်တွင် ဦးသိန်းစိန်းအစိုးရလက်ထက် အားကစားဝန်ကြီး တာဝန်ယူခဲ့သော ဦးတင့်ဆန်း၏သား ဖြိုးကို ကိုတင့်ဆန်းနှင့် အပေါင်းအပါများထံမှ လက်နက်များ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလက်နက်ခဲယမ်းများအား နေပြည် တော်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများမှာ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု အပါအဝင် ပုဒ်မ ၁၀ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး နေပြည်တော်ဒက္ခိဏ ခရိုင်တရားရုံး ၂၀၂၀ခုနှစ်၊ မတ် ၃၀ရက်နေ့တွင် ဖြိုးကိုကိုတင့်ဆန်း နှင့် အပေါင်းအပါများအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃၀နှစ်နှင့် ၇လ ကျခံရန် အမိန့်ချခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ခုနှစ်၊ ဧပြီလတွင် ထောင်ဒဏ် နှစ် ၃၀ကျော် ချမှတ်ခံထားရ သော ဖြိုးကိုကိုတင့်ဆန်းနှင့်အပေါင်းအပါများ လွတ်မြောက်သွားခဲ့သည်။ နှစ် ၃၀ကျော် ထောင်ဒဏ်ကျခံရသူမှာ ထောင်ထဲတွင် ၃နှစ်နီးပါးသာနေခဲ့ရပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်လာခဲ့သည်။

ထိုကဲ့သို့ လွတ်မြောက်လာရခြင်းမှာ ဖြိုးကိုကိုတင့်ဆန်း၏ညီဖြစ်သူ စံကိုကိုတင့်ဆန်းသည် စစ်ခေါင်းဆောင်၏ သမီး ဖြစ်သူ ဒေါ်ခင်သီရိသက်မွန်နှင့် စီးပွားရေးလုပ်ငန်း အတူလုပ်ကိုင်နေသူဖြစ်သည်။ ဒေါ်ခင်သီရိသက်မွန် တည်ထောင် ထားသော Seven Sence ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွင် စံကိုကိုတင့်ဆန်းသည် ဒါရိုက်တာအဖွဲ့အဖြစ် ပါဝင်သည်။

ဖြိုးကိုကိုတင့်ဆန်း၏ အဖေဖြစ်သူ ဦးတင့်ဆန်းသည် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဖြစ်ခဲ့သလို ကြံ့ခိုင်ရေးပါတီ အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ထောင်ဒဏ် နှစ် ၃၀ကျော်ချခံထားရ သော သားဖြစ်သူအား စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ကြည်လင်းအား သေဒဏ်ကျခံစေရန် တရားရုံးက အမိန့်ချခဲ့သည်။ ထိုကဲ့သို့ သေဒဏ်ကျခံနေရသူ ကြည်လင်းအား စစ်တပ်ကအာဏာ သိမ်းပြီးနောက် လွတ်ငြိမ်းသက်သာပေးခဲ့သည့်အတွက် ကြည်လင်းသည် သေဒဏ်မှ ထောင် ၁၀နှစ်သို့ ပြောင်းသွားခဲ့ သည်။

ရှေ့နေဦးကိုနီအား လုပ်ကြံသည့်အမှုတွင် စစ်ခေါင်းဆောင်၏ခိုင်းစေမှုဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားကြ သည်။ ထိုသို့ သုံးသပ်ရန်လည်း အချက်အလက်အချို့ ရှိသည်။ ဦးကိုနီအား လုပ်ကြံသူများနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ လက်ရင်းတပည့်တို့ပတ်သက်မှု ရှိနေကြသည်။ ထို့ကြောင့်လည်း ကြည်လင်းအား သေဒဏ်မှ သက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဥပဒေပညာရှင်များက ဆိုကြသည်။

သို့သော် အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးနောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက သေဒဏ်ကွပ်မျက်လိုက်သည်။ စစ်ကောင်စီက အဆိုပါ လေးဦးအား သေဒဏ်ကွပ်မျက်လိုက်ခြင်းသည် ဥပဒေနှင့်မညီသော လုပ်ရပ်ဟု ဥပဒေပညာရှင်များက ဆိုကြသည်။

ကြည်လင်းသည် NLD ပါတီ၏ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်မှုဖြင့် တရားရုံးက သေဒဏ်ကျခံရန် အမိန့်ချထားခဲ့သည်။ သို့သော် NLD အစိုးရအနေဖြင့် ကြည်လင်းအား ကွပ်မျက်ခြင်း မပြု ခဲ့ပေ။ NLD အစိုးရအနေဖြင့် ကွပ်မျက်လျင်၊ ကွပ်မျက်လိုပါက ကွပ်မျက်လို့ရသည်။ သို့သော် မဆောင်ရွက်ခဲ့ပေ။ အလားတူ နဝတ၊ နအဖ လက်ထက်တွင်လည်း သေဒဏ်ကျခံသူများအား ကွပ်မျက်ခြင်းမပြုခဲ့ပေ။

သို့သော် စစ်ကောင်စီလက်ထက်တွင်မူ ၎င်းတို့ကို ဆန့်ကျင်သူများအား သေဒဏ်ပေးမှုများ လုပ်ဆောင်လာခဲ့သလို ၎င်းတို့အကျိုးစီးပွားအား ဆောင်ရွက်ပေးသူများနှင့် နီးစပ်သူများအား ပြစ်ဒဏ်လျော့ပေါ့မှုများ၊ လွတ်ငြိမ်းသက်သာများ ပြုလုပ်လာနေသည်။ စစ်ကောင်စီအနေဖြင့် ဥပဒေကို လိုသလိုအသုံးပြုကာ စစ်အာဏာရှင်ကိုထောက်ခံသူများ ဝမ်းသာ အားရစေရန် လုပ်ဆောင်လာနေသည်။

တစ်ဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူများ ကြောက်လန့်သွားစေရန် ဥပဒေကို အသုံးချက နှိပ်ကွပ် မှုများ ပြုလုပ်လာနေပေပြီ။ အာဏာရှင်လက်ထက်တွင် ဥပဒေစိုးမိုးရေးဆိုသည်မှာ မျှော်လင့်၍မရသောအရာတစ်ခုဖြစ် သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ ဥပဒေကိုအသုံးချ၍ လုပ်ဆောင်မည်ဖြစ်သည်။ သေနတ်ပြောင်းဝမှ ဥပဒေထွက်သည့်ခေတ်စနစ်ကို စစ်အာဏာရှင်သည် ချီတက်နေပြီဖြစ်သည်။