Home သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား အပြင်းအထန်တိုက်ခိုက်နေ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား အပြင်းအထန်တိုက်ခိုက်နေ

742

ဩဂုတ်လ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေတောင်ပေါ်လမ်း ၃ ထပ်ကွေ့နေရာအား ယနေ့ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် လာရာက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကောင်စီ အမြှောက်ကုန်းများမှလည်း လက်နက်ကြီးများတစ်ပြိုင်နက်ပစ်ခတ်ပစ်ကူပေးနေကြောင်း မြေပြင်သတင်းအရ သိရသည်။

၎င်းအပြင် မြေပြင်စစ်ကောင်စီစစ်ကြောင်းများလည်းတက်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းများ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ခုက ယခုလို ပြောသည်။

“သူတို့ ၃ ထပ်ကွေ့ကို တိုက်နေတာ တစ်လရှိပြီ ။ တက်လာလိုက် ထိခိုက်ကုန်လိုက်ပြန်ဆုတ်သွားလိုက်၊ လက်နက်ကြီးတွေ ပစ်ထုတ်လိုက်လုပ်နေတာ၊ ဒီနေ့တော့ တိုက်လေယာဥ် ဗုံးကြဲတာ ၃ နာရီခွဲကျော်လောက်ပေါ့၊ ပြီးတော့ တစ်ပြိုင်ထဲ အလုံးကြီးလည်းပြိုင်တူပစ်၊ မြေပြင်ကလည်းတက်၊ အခုထိတော့ ဆက်တိုက်နေတုန်းပဲ။ ဘာမှတော့အတိအကျပြောလို့မရသေးဘူး”ဟု KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်များအနေဖြင့် ဖလူး-ဝေါလေ လမ်းပိုင်းဘက်သို့ စစ်ကြောင်း ၂ ခုမှ ၃ ထပ်ကွေ့ နေရာအား တောင်ကြောလမ်းပိုင်းနှင့် ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ် မြစ်ရိုးအနီးတစ်လျှောက် လမ်းပိုင်းတို့မှ စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အတွက် ယခုညနေပိုင်းအချိန်ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။