Home ဆောင်းပါး ယုံကြည်ချက်ဖြင့် စစ်အာဏာရှင်ကို တော်လှန်သူ (သို့မဟုတ်) တက္ကသိုလ်ကျောင်းသား စောထီ့ဖေါင်

ယုံကြည်ချက်ဖြင့် စစ်အာဏာရှင်ကို တော်လှန်သူ (သို့မဟုတ်) တက္ကသိုလ်ကျောင်းသား စောထီ့ဖေါင်

675

ယုံကြည်ချက်ဖြင့် စစ်အာဏာရှင်ကို တော်လှန်သူ (သို့မဟုတ်) တက္ကသိုလ်ကျောင်းသား စောထီ့ဖေါင်

စောမနိုက်ဖေါင် (ဩဂုတ် ၂ ရက်၊ ၂၀၂၂ ခုနှစ်)

“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရော၊ NUG အဖွဲ့ဘက်ကရော ပူးပေါင်းလုပ်ဆောင်သွားကြမယ် ဆိုရင်တော့ သေချာပေါက် ဒီနွေဦးတော်လှန်ရေးဟာ အောင်မြင်မယ်လို့တော့ ကျနော်ယုံကြည်တယ်”

ပိန်ပိန်ပါးပါး အသားဖြူဖြူ ပါဝါမျက်မှန်ထူထူနဲ့ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် CDM တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့စောထီ့ဖေါင်က အထက်ပါ စကားတွေကို တည်ငြိမ်လေးနက်စွာ လေသံမှန်မှန်နဲ့ သူ့ရဲ့နိုင်ငံရေးယုံကြည်ချက်ကို ပြောသွားတဲ့ စကားသံတွေပါ။

စောထီ့ဖေါင်ဟာ ကရင်ပြည်နယ် ဖားအံမြို့က ဇာတိဖြစ်ပြီးတော့ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်း သားတစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ စစ်တပ်က မဲမသမာမှုကိုအကြောင်းပြကာ နိုင်ငံတော်ရဲ့အာဏာသုံးရပ်လုံးကို သိမ်းယူခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းယူမှုကို လက်မခံနိုင်တဲ့အတွက် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူလူထုတွေ၊ ပညာရေးဌာနအပါအဝင် အခြားအစိုးရဌာနပေါင်းစုံဝန်ထမ်းတွေ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ အားလုံးတို့က နည်းပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒဖော်ထုတ် ကြပါတယ်။ အဲဒီဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်သူတွေထဲမှာ တက္ကသိုလ်ကျောင်းသား စောထီ့ဖေါင်တစ်ဦး လည်း ပါဝင်ပါတယ်။

အဲ့လို ဆန့်ကျင်ကန့်ကွက်တဲ့အပြင် အစိုးရဝန်ထမ်းတွေ အထူးသဖြင့် ပညာရေးဌာနနဲ့တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေဟာ “ရုံးမတက်နဲ့ရုန်းထွက်” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ကို လုပ်ဆောင်လာကြပြီး အဲ့ဒီတော်လှန်ရေးကို ‘နွေဦးတော်လှန်ရေး’လို့ ခေါ်ဆိုလာပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ သူတွေအားလုံး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး ပါဝင်ပတ် သက်တဲ့သူတွေအားကို စစ်တပ်နဲ့ရဲတို့က လိုက်လံဖမ်းဆီးမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြပါတော့ တယ်။

ထိုသို့ဆက်တိုက်လိုက်လံဖမ်းဆီးမှုတွေကြောင့် CDM လုပ်တဲ့ ဝန်ထမ်းတွေနဲ့တက္ကသိုလ်ကျေင်းသား ကျောင်းသူ တွေဟာ မိမိတို့နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေ (လွတ်မြောက်နယ်မြေ) တွေမှာ သွားရောက်ခိုလှုံကြပါတယ်။

စောထီ့ဖေါင်ကတော့ လွတ်မြောက်နယ်မြေမှာ ချက်ချင်းမသွားနိုင်သေးပဲ စစ်တပ်ရဲ့လိုက်လံဖမ်းဆီးမှုတွေကြားမှာ ပြေးလွှားရှောင်တိမ်းရင်းနဲ့ CDM လုပ်ကြတဲ့ကျောင်းဆရာ ဆရာမတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်တဲ့ဘက်က သူက ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။

အဲ့လိုပြေးလွှားရှောင်တိမ်းရင်းနဲ့ လတွေကြာလာတာနဲ့အမျှ လုံခြုံမှုမရှိတော့တဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ တိုင်းရင်းသားတော်လှန်ရေးထိန်းချုပ်နယ်မြေတစ်ခုမှာ လာရောက်ခိုလှုံပါတယ်။

နွေဦးတော်လှန်ရေးဟာ နှစ်တွေလတွေကြာလာတာနဲ့အမျှ CDM လုပ်ဆောင်ထားတဲ့ ကျောင်းဆရာ၊ ဆရာမ အချို့က အကြောင်းအမျိုးမျိုးကြောင့် Non CDM လုပ်ကာ စစ်ကောင်စီလက်အောက်မှာ ပြန်လည်တာဝန် ထမ်းဆောင်လာကြသူတွေရှိလာသလို အလားတူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအချို့တွေလည်း ကျောင်းပြန်လည်တက်ကြသူတွေလည်း ရှိလာပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် Non CDM ပြန်လုပ်ကြတဲ့ သူတွေအပေါ်မှာ သူ့အနေနဲ့ နားလည်ပေးနိုင်ပေမယ့် တော်လှန်ရေးအောင်မြင်ဖို့အတွက် ယုံကြည်ချက်ခံယူချက်တွေနဲ့ လုပ်ဆောင်နေကြရတဲ့သူတွေအပေါ် ထည့်သွင်း စဉ်းစားပေးသင့်တယ်လို့ စောထီ့ဖေါင်က အခုလိုပြောပါတယ်။

“ဒီအပေါ်မှာ ပြောချင်တာကတော့ သူတို့အနေနဲ့ တော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ ကျောင်းသူ ကျောင်းသားတွေအပေါ်မှာ သူတို့က အားမနာဘူးလား၊ ကိုယ်ချင်းမစာဘူးလားလို့ပဲ ကျနော်ပြောချင်တယ်”

အခု လက်ရှိ ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးနှစ်လို့ဆိုကာ မတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီရုပ်သံကတစ်ဆင့်ကြေညာထားပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း တွေအားလုံးကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေထဲမှာ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ( NM SP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တွေပဲ တက်ရောက်လာကြတာ တွေ့ရပါတယ်။

အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့စည်းကြီးတွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်လွတ် လပ်အဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တွေက မတက်ရောက်လာတဲ့အတွက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ စောထီ့ဖေါင်က သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးလုပ်တာ အောင်မြင်မယ်လို့ ကျနော်မထင်ဘူး။ ဘာြဖစ်လဲဆိုတော့ တွေ့တဲ့ အတိုင်းပါပဲ အခု ၂၀၂၂ ခုနှစ်မှာ နိုင်ငံမှာပဲ နေရာပေါင်းစုံမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲ့လိုအခါကျတော့ သူတို့ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်လို့ဆိုပေမယ့်လည်း ငြိမ်းချမ်းလာမယ်လို့တော့ ကျနော်မမြင်ဘူး”။

တဆက်ထဲမှာပဲ ငြိမ်းချမ်းရေးဖော်ဆောင်ပြီးနောက်ပိုင်းမှာ လာမယ့် ၂၀၂၃ ခုနှစ်၊ တစ်နိုင်ငံလုံးကို နေရာ လပ်မကျန်အောင် ရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ(၂၄)ရက်နေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုထားပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စောထီ့ဖေါင်က အခုလို သုံးသပ်ထားပါတယ်။

” စစ်ကောင်စီက သူတို့လုပ်မယ့်ရွေးကောက်ပွဲကို အချို့နေရာတွေမှာ ကျင်းပနိုင်ကောင်းနိုင်မယ် ဒါပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲတော့ မဖြစ်လာနိုင်ဘူး၊ ဘာဖြစ်လဲဆိုတော့ ပြည်သူတွေက ပါဝင်လာမှာ မဟုတ်ဘူး၊ ပြည်သူတွေက သူတို့ဘာတွေလုပ်လဲ၊ ဘယ်လိုရက်စက်ကြမ်းကြုတ်လဲဆိုတာကို မျက်ဝါးထင်ထင် တွေ့ရတာပဲ၊ မဲလာထည့်မှာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့တွေက ပြည်သူတွေက ထောက်ခံပါတယ်ဆိုပြီး သတင်းလွင့်နေမှာပဲ”။

အလားတူ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ဆိုပေမယ့် တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ အဲလို အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် မလွယ်ကူဘူးလို့ နိုင်ငံရေးစောင့်ကြည့် လေ့လာသူတွေက မီဒီယာတွေမှာ ပြောဆိုထားကြတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ပြဿနာပေါင်းများစွာ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီ ပြဿနာအကျပ်အတည်း တွေကို ဖြေရှင်းနိုင်ငံဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရမှာြဖစ်ပါတယ်။

အထူးသဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရက လက်ရှိအချိန်မှာ အစိုးရလို့ ပြည်သူတွေက လက်ခံထားတဲ့အတွက် NUG ဘက်ကလည်း အစိုးရကောင်းဖြစ်ဖို့လိုပါတယ်။ နိုင်ငံတကာသံတမန်ရေးအရ ဒီထက်ပိုမိုကောင်းမွန်လာအောင် ကြိုးစားဖို့လိုသလို အခြားတဘက်မှာလည်း ပြည်တွင်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့လည်းလိုပါတယ်။

အဲ့လို ပူးပေါင်းလုပ်ဆောင်နိုင်ကြပြီးဆိုရင် ဒီနိုင်ငံရေးပြဿနာအကျပ်အတည်းကို ဖြေရှင်းသွားနိုင်မယ်လို့တော့ စောထီ့ဖေါင်က ယူဆပါတယ်။

ဒီနွေဦးတော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တခါမှ မရှိသေးတဲ့ တော်လှန်ရေးတစ်ရပ်ပါ။ ဒါကြောင့် တော်လှန်ရေး အောင်မြင်တဲ့အထိ စောထီ့ဖေါင်ဟာ ကျရာအခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF အပါအဝင် NUG အစိုးရတွေနဲ့ အတူတကွ စုပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်ဆိုရင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သွားမှာြဖစ်ပြီး နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်မယ်လို့ စောထီ့ဖေါင်က ယုံကြည်တယ်လို့ ဆိုပါတယ်။