Home သတင်း ဝေါလေ ၃ထပ်ကွေ့အား တိုက်ခိုက်နေသည့်စစ်ကောင်စီ စစ်ကြောင်းမှ စစ်သည် ၄ ဦး CDM ပြုလုပ်

ဝေါလေ ၃ထပ်ကွေ့အား တိုက်ခိုက်နေသည့်စစ်ကောင်စီ စစ်ကြောင်းမှ စစ်သည် ၄ ဦး CDM ပြုလုပ်

1138

ဩဂုတ်လ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဖလူး-ဝေါလေလမ်း ၃ ထပ်ကွေ့နေရာအား တိုက်ခိုက်နေသည့် စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ -၂ မှ စစ်သည် ၄ ဦး ယခုလ ဩဂုတ် ၃ရက်က အာဏာဖီဆန်မှု(CDM) ပြုလုပ်ကာ KNU-ကရင်အမျိုးသားအစည်းအရုံးထံ ခိုလှုံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“ကျနော်တို့ လာတာ ၄ ယောက်တပ်ကြပ်ကြီး တစ်ယောက်ပါတယ် ။ ကျန်တာ ရဲဘော် ၃ ယောက် သူတို့က ဝေါလေ ၃ ထပ်ကွေ့ကို တိုက်ဖို့ လွှတ်လိုက်တာ။ အရင်ကမြဝတီအာရှလမ်းသစ်တောနော်ရေတံခွန်လမ်းပိုင်း လုံခြုံရေးတာဝန်ကျနေတဲ့ နေရာကနေ ဝေါလေ ၃ထပ်ကွေ့ဘက်ကို စစ်ကူအင်အားဖြည့် စစ်ကြောင်းအဖြစ် ကျနော်တို့ကို ပို့ရာမှာ ကျနော်တို့ကဆောဝါးလေး တောင်ကုန်းဘက်အရောက်မှာ စစ်ကြောင်းကို စွန့်ခွာပြီး CDM လုပ်ဖို့ ချိတ်ဆက်ထွက်ပြေးလာတာပါ”ဟု CDM ရဲဘော် တပ်သားဟိန်းစိုးက ပြောသည်။

အဆိုပါ ၃ ထပ်ကွေ့ နေရာအား တိုက်ခိုက်နေသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းများမှ စစ်သည်များ အား အထက်အရာရှိများမှ ဖိနှိပ်အမိန့်ပေးခိုင်းစေမှုများအား မနာခံနိုင်တော့သည့် အခြေအနေများဖြစ်ပေါ်ကြုံ တွေ့နေရသည့် အခြေအနေမှ စစ်သက်နှစ်(၃၀)ရှိ တပ်ကြပ်ကြီး ဇော်မင်းဦး (ကပ -၉၃၅၅၀၉)၊ တပ်သား ဟိန်းစိုး(တ-၅၁၆၀၃၆)၊ တပ်သားစိုးဝင်း (တ- ၅၄၀၀၅၃)နှင့် တပ်သား ဇော်ဇော် (တ- ၄၀၂၁၈၃)တို့ KNU တာဝန်ရှိသူများထံ ချိတ်ဆက် ခိုလှုံလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခိုလှုံလာသူစစ်သည်များအား နွေးထွေးစွာကြိုဆို လက်ခံထားပြီး လုံခြုံစိတ်ချရသည့် အစီအစဥ်များ စီစဥ် ဆောင်ရွက်ပေးထားကြောင်း KNU စစ်ဒေသ တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။