Home သတင်း မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် BGF အဖြစ် ရှေ့တန်းလိုက်ပါရန် လူသစ်စုဆောင်းနေမှုကြောင့် စစ်ရှောင်စခန်းမိသားစုများ အခက်တွေ့နေ

မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် BGF အဖြစ် ရှေ့တန်းလိုက်ပါရန် လူသစ်စုဆောင်းနေမှုကြောင့် စစ်ရှောင်စခန်းမိသားစုများ အခက်တွေ့နေ

991
Photo: ကေအိုင်စီ (ကဆောဝါး)

ဩဂုတ် ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်၊ လှိုင်းဘွဲမြိုနယ် မြိုင်ကြီးငူအထူးဒေသ စစ်ရှောင်စခန်းတွင် ဒေသတွင်းနယ်ခြားစောင့်တပ်-BGF က တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုများလုပ်ဆောင်နေသည့်အတွက် စစ်ဘေးရှောင်မိသားစုများ အခက်တွေ့ နေကြရကြောင်း သိရသည်။

၂၀၂၂ ခုနှစ် စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် မြိုင်ကြီးငူ ဒေသသံလွင်မြစ်တစ်ဘက်ကမ်း ဖာပွန်မြိုနယ် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ဒေသအတွင်း တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေရာတွင် BGF ပူးပေါင်းတပ်များ အကျအဆုံးများနေသည့်အတွက် BGF စစ်သားအဖြစ် ရှေ့တန်းစစ်မြေပြင် လိုက်ပါတိုက်ခိုက်ရန် စစ်ရှောင်ဒေသခံများအား လာရောက်ခေါ်ဆောင်နေသည့်အတွက် စစ်ရှောင်မိသားစုများ အခက်တွေ့ နေကြောင်း စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။

“BGF လုပ်၊ ရှေ့တန်းလိုက်ခိုင်းဖို့ ပန်တော်မှီစခန်းက BGF တွေ လာခေါ်နေတယ်၊ မလိုက်နိုင်တဲ့ မိသားစုတွေ တစ်ယောက် ၆ သိန်း ၁၀ သိန်း ထည့်ရတယ်။ ဒီလို ပိုက်ဆံဘယ်လို ရှာပေးရလဲ၊ စစ်ဘေးရှောင်နေရတာ အခုဆို ၇ နှစ် လောက် ဖြစ်လာနေတာ၊ ရွာလည်းပြန်မလို့မရ၊ ကိုယ့်လယ်၊ ကိုယ့်တောင်ယာ၊ ကိုယ့်ခြံ ပြန်လို့ မရတာ ဒီစစ်ရှောင်စခန်းမှာလည်း သူများလာလှူတာ ၊ လာပေးတာ နဲ့ စားသောက်နေရတာအပြင်အလုပ်လည်း ထွက်လုပ် လို့မရဘူး၊ ဒီနေရာမှာ ဖြစ်ပျက်နေတာတွေ ဘယ်သူမှ မသိကြဘူး”ဟု မြိုင်ကြီးငူဒေသ စစ်ဘေးရှောင် စခန်းတွင် နေထိုင်သူက ပြောသည်။

မြိုင်ကြီးငူဒေသအတွင်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ဒေသအတွင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့တို တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူ ခြောက်ထောင်ခန့် စစ်ဘေးရှောင်နေရပ်စွန့်ခွာ ခဲ့ကြရပြီး မြိုင်ကြီးငူ ယာယီစစ်ရှောင်စခန်းတွင် ခိုလှုံနေကြသည်မှာ ၇ နှစ်ခန့် ကြာမြင့် လာနေပြီဖြစ်သည်။

လတ်တလောတွင် မြိုင်ကြီးငူ အရှေ့ဘက်ကမ်းဒေသ ကမမောင်း၊ ကတိုင်တိ၊ ဖာပွန် ၊ မဲဝိုင်ဒေသဘက်တွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် KNU တပ်မဟာ ၅ နှင့်တိုက်ပွဲများ ဖြစ်ပွားနေရာတွင် BGF ၊ စစ်ကောင်စီ ပူးပေါင်းတပ်မှ အရာရှိ အပါအ၀င် ရဲဘော်အပါအဝင် လူရာချီထိခိုက်ကျဆုံးမှုများ ကြုံရသည်ဟု KNU၏ လစဉ်တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအခြေအနေကြောင့် ဒေသအတွင်း ကျေးရွာများရှိ ဒေသခံများကို လိုက်လံ ဖမ်းဆီး စုဆောင်းမှုများ ပြုလုပ်နေ သည့် အခြေအနေမှ ယခု မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း နေထိုင်စစ်ရှောင် နေရသည့် ဒေသခံများကိုပါ လာရောက် စုဆောင်းခေါ်ဆောင် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင် စစ်တိုက်ခိုင်းရန်လုပ်ဆောင် လာနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်-BGF တာဝန်ရှိသူများကို ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။