Home သတင်း ကျောက်ကြီးမြို့နယ် လိမ်ပင်ရွာအနီးတွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက်ပစ်ခတ်

ကျောက်ကြီးမြို့နယ် လိမ်ပင်ရွာအနီးတွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက်ပစ်ခတ်

924
Photo: CJ

ဩဂုတ် ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (တပ်မဟာ -၃နယ်မြေ) ကျောက်ကြီးမြို့နယ် လိမ်ပင်ကျေးရွာအနီး၌ ယနေ့ ဩဂုတ်လ (၈)ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၇ရက်နေ့ကတည်က စစ်တောင်းမြစ်အနောက်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် မြစ်တစ်ဖက်ကမ်းရှိ လိမ်ပင်နှင့် ပဲသောင်ရွာအနီးတွင် လက်နက်ကြီး အမြှောက်အများနှင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် ယနေ့နံနက်တွင် ရဟတ်ယာဉ်အသုံးပြုကာ လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု အဆိုပါဒေသရှိ ဒေသခံတစ်ဦးက ပြောသည်။

“ မနေ့က တစ်နေကုန် တစ်ညလုံး လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ဒီမနက်လည်း တစ်မနက်လုံး ပစ်သေးတယ်။ ပစ်ပြီးတော့ ၁၀နာရီကျော်ကျော်မှာ လေယာဉ်နဲ့လာပြီးပစ်သွားတယ်။ ရွာထဲမှာကျတာတော့ မဟုတ်ဘူးလို့ ကြားတယ် ။ လေယာဉ်နဲ့ သူတို့လာပစ်တာ အသံကြားရတာက (၄)လုံးလောက်ကြားရတယ်။ ဒေသခံတွေကတော့ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ထားတယ်။ လေယာဉ်နဲ့ပစ်တာက ထိခိုက်ပျက်စီးမှု မကြားရေသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လိမ်ပင်ကျေးရွာနှင့် ပဲသောင်ရွာကြားတွင် ယမန်နေ့ နံနက်(၅)နာရီဝန်းကျင်ကတည်းက နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ပစ်ခတ်တိုက် ခိုက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ လိမ်ပင်ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ပြန်လည်ပစ်သည့်အတွက် အသက် ၂၁နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး လက်နက်ကျည် ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၉)ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ် သောတူဒေး၊ ကွီးဒိုကယ်ဒို နှင့် ခလယ်ကွီးကယ်ခို နေရာများတွင် စစ်ကောင်စီတပ်မှ တစ်ရက်အတွင်း လေယာဉ်နှင့် (၃)ကြိမ်တိုင် လာရောက်ပစ်ခတ်သွားခဲ့သည့်အတွက် ထိုဒေသရှိ တိမ်းရှောင်နေသည့်စစ်ရှောင်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ယခု ၂၀၂၂ ခုနှစ် မေလမှစတင်၍ ကေအဲန်ယူ ကျောက်ကြီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်အင် အားတိုးချဲ့လာပြီး လူထုများနေထိုင်သည့် ကျေးရွာနှင့် လုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ကျောက်ကြီးမြို့နယ်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာပေါင်း (၃၀)ကျော်ရှိသည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင် (တပ်မဟာ-၃ နယ်မြေ) မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တွင် လက်ရှိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအရပ်သား စုစုပေါင်း တစ်သိန်းကျော်ရှိပြီး အချို့သည် နီးစပ်ရာ မြို့များတွင် သွားရောက်တိမ်းရှောင်ကြသူများရှိသလို အချို့မှာ တောတောင်ထဲတွင် ပုန်းအောင်းနေထိုင်ကြရသည်ဟု ဒေသခံ ကရင်လူမှုရေးရာ အဖွဲ့ထံမှ သိရသည်။

တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်များအတွက် နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လိုအပ်နေသည့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပို့ဆောင်ပေး နိုင်ရန် အခက်အခဲကြုံတွေ့ရသည်ဟု စစ်ရှောင်ကူညီသည့်အဖွဲ့ထံမှ သိရသည်။