Home သတင်း လန်းဖားကျေးရွာ ကရင့်အာဇာနည်နေ့ ပြည်သူလူထု ၉၀၀ ဝန်းကျင်တက်ရောက်

လန်းဖားကျေးရွာ ကရင့်အာဇာနည်နေ့ ပြည်သူလူထု ၉၀၀ ဝန်းကျင်တက်ရောက်

859

ဩဂုတ်လ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လန်းဖားကျေးရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် ၇၂နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနားသို့ ဒေသခံပြည်သူ ၉၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရ သည်။

ယနေ့မနက် ကျင်းပခဲ့သည့် ၇၂နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို လန်းဖားကျေးရွာအုပ်စု၊ ပိုင်ကလံဒုံ ကျေးရွာအုပ်စု၊ ကြိတ်ကျေးရွာအုပ်စုနှင့် ကွင်းကလေးကျေးရွာအုပ်စုတို့ စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူငယ် ထုအများအပြား တက်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အခမ်းအနား တက်ရောက်လာသူ ဒေသခံလူငယ်တစ်ဦးက “လူငယ်တွေ နိုင်ငံရေးနိုးကြားစိတ်ရှိလာတယ်။ အမျိုးသား ရေးတက်ကြွမှုလည်း များလာတယ်။ ဒါကြောင့် လူငယ်တွေ အများကြီး တက်ရောက်လာတာဖြစ်တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

ကရင်အာဇာနည်နေ့ အခမ်းအနားတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးသဖြင့် ကွင်းကလေးကျေးရွာအုပ်စုမှ ပြည်သူများမှာ မလာရောက်နိုင်ကြသော်လည်း လန်းဖားအုပ်စု၊ ပိုင်ကလံဒုံအုပ်စုနှင့် ကြိတ်ကျေးရွာအုပ်စုမှ ရွာသူရွာ သား အများစုသာ တက်ရောက်ခဲ့ကြောင်း လန်းဖားရွာသားများထံမှ သိရသည်။

အခမ်းအနား အစီအစဉ်အရ ကျဆုံးခဲ့သည့် ကရင့်အာဇာနည်များအား အလေးပြုခြင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး ဥက္ကဌ၏ မိန့်ခွန်းကိုဖတ်ကြားခြင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ကရင်အမျိုးသမီးအ စည်းအရုံး သဝဏ်လွှာများကို ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ကရင်အာဇာနည်အကြောင်း ကျဘမ်းစကားပြောပြိုင်ပွဲ ပြုလုပ်ခဲ့ကြပြီး ကော့ကရိတ်မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ပေးအပ်ချီးမြှင့်ခြင်း၊ တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများ ၏ ကရင်အာဇာနည်အကြောင်း မေးမြန်းချက်ကို ကေအဲန်ယူ မြို့နယ်ဥက္ကဌက မျှဝေဖြေကြားပေးခြင်းများ လုပ်ဆောင် ခဲ့ကြသည်။

ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒိုစောမောထူးက “ယခုလို လူငယ်တွေ စောဘဦးကြီးပုံ ပန်းချီပြိုင်ပွဲ၊ စာစီစာ ကုံး၊ ကဗျာနှင့် ကရင့်အာဇာနည်အကြောင်းနဲ့ပတ်သက်ပြီး ကျဘမ်းစကားပြောပြိုင်ပွဲတွေ လုပ်ပေးတာကောင်းတယ်။” ဟု ချီးကျူးပြောဆိုခဲ့သည်။

လန်းဖားကျေးရွာတွင် ကရင့်အာဇာနည်နေ့ကို ယမန်နှစ်က ကျေးရွာအဆင့် အကျဉ်းချုံးသာ ကျင်းပခဲ့သော်လည်း ယခု နှစ်တွင်မူ အခမ်းအနားကို ကျေးရွာအုပ်စုအဆင့် ပထမဆုံး ကျင်းပခဲ့ခြင်းဖြစ်သည်။