Home သတင်း ပိုင်ကျုံ၊ တာကရားရွာ ကရင့်အာဇာနည်နေ့ လူပေါင်း ၇၀၀ ကျော် တက်ရောက်ဂါ ရဝပြု

ပိုင်ကျုံ၊ တာကရားရွာ ကရင့်အာဇာနည်နေ့ လူပေါင်း ၇၀၀ ကျော် တက်ရောက်ဂါ ရဝပြု

1099

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ပိုင်ကျုံမြို့နယ် တာကရားကျေးရွာ(အနောက်ဘက်) ဘောလုံးကွင်းတွင် ယနေ့ ကျင်းပသည့် ၇၂ နှစ်မြောက် ကရင်အမျိုး သားအာဇာနည်နေ့ အခမ်းအနားအား လူပေါင်း ၇၀၀ ကျော် တက်ရောက်ဂါရဝပြုခဲ့သည်ဟု သိရသည်။

KNU ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌ စောဆာပုလဲဒီဝမ်းက “ခေါင်းဆောင်တွေ အသက်ပေးလှူ ထားတာအလကားမဟုတ်ဘူး။ ကျနော်တို့ရဲ့တိုင်းပြည်အတွက် အခွင့်အ‌‌ရေးအတွက်တော်လှန်ရေးလုပ်ခဲ့တယ်လို့ ပြောရင်လည်းမမှားဘူး။ တော်လှန်ရေးထဲမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေ မဟာမိတ်တွေနဲ့ တစ်စုတစ်စည်းတည်း လက်တွဲပြီးတော့ ကျနော်တို့ ပန်းတိုင်အထိရဲဘော်များအားလုံးနဲ့ အားပေးအားယူပြုပြီး ဇွဲရှိရှိ သတ္တိရှိရှိနဲ့ တော်လှန်ရေးမှာပါဝင်သွားဖို့ အားပေးစကားပြောချင်တယ်။”ဟု အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ နံနက် ၇နာရီအချိန်တွင် စတင်သည့် အခမ်းအနားတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များအပြင် KNU,KNU/KNLA- PC နှင့် BGF စသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ တက်ရောက်ခဲ့ပြီး စစ်ရေးပြတပ်ဖွဲ့မှ စစ်ရေးပြခြင်း၊ အမျိုးသားအလံတော်အားလွင့်ထူခြင်း၊ အသက်ပေးသွားသော အာဇာနည်ခေါင်းဆောင်ကြီးနှင့်တကွ အာဇာနည်ရဲဘော်များ၊ ပြည်သူလူထုများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် အလံတိုင်တစ်ဝက်တွင် အလံဆွဲချခြင်းအစီအစဥ်များ ပြုလုပ်ခဲ့ပြီးနောက် စစ်ရေးပြတပ်ဖွဲ့များ ပြန်လည်ထွက်ခွာခြင်းဖြင့်အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

အခမ်းအနားအစီအစဉ်ပြီးဆုံးပြီးနောက် ဝတ်ပြုခြင်းနှင့် တရားနာသည့်အစီအစဉ်များကို တာကရားဘုရားကျောင်းနှင့် တာကရားဘုန်းတော်ကြီးကျောင်းတွင် လက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို တက်ရောက်လာသည့် လူငယ်တစ်ဦးကလည်း ” ဒီလိုမိုးရာသီ အခုနိုင်ငံရေးအခြေအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပကြတာမြင်တော့ ကျနော်ဝမ်းသာတယ်။ မိုးဒီလောက်အေးတာ လာတဲ့ပြည်သူတွေလည်းအများကြီး။ ဒါတွေကိုကြည့်ရင် ကျနော်တို့ခေါင်းဆောင်တွေက ပြည်သူ့ရင်ဘတ်ထဲမှာ ရှိနေယ်ဆိုတာ အသိသာကြီးလေ။ ” ဟု ပြောသည်။

ပိုင်ကျုံမြို့နယ် တာကရားကျေးရွာတွင် ကရင်အာဇာနည်နေ့အခမ်းအနားကို ယခုနှစ်အပါအဝင် ၆ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီဖြစ်ကြောင်း သိရသည်။