Home သတင်း ဓာတ်မြေသြဇာစျေးတက်လာခြင်းကြောင့် ရာဘာစိုက်ပျိုးသူများ ဆိတ်ချေးမြေသြဇာပါရောသုံးနေရ

ဓာတ်မြေသြဇာစျေးတက်လာခြင်းကြောင့် ရာဘာစိုက်ပျိုးသူများ ဆိတ်ချေးမြေသြဇာပါရောသုံးနေရ

833

ဩဂုတ် ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲတွင် ဓာတ်မြေသြဇာစျေးတက်လာသဖြင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူအများစု သည် စျေးပိုသက်သာသည့် တခြားမြေသြဇာများနှင့် ဆိတ်ချေးမြေသြဇာကိုပါ ရောသုံးနေရကြောင်းခြံပိုင်ရှင်များ ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပုလဲဓာတ်မြေသြဇာတစ်အိတ်လျှင် ၃၅,၀၀၀ (သုံးသောင်းငါးထောင်) ကျပ် ဝန်းကျင်သာရှိ သော်လည်း လက်ရှိဒေါ်လာစျေးတက်ချိန်တွင် တစ်သိန်းကျော်အထိစျေးတက်လာသောကြောင့်

တစ်နိုင်တစ်ပိုင် ရာဘာလုပ်သူများအနေဖြင့် ဓာတ်မြေသြဇာစျေးမတတ်နိုင်၍ တခြားစျေးသက်သာသည့် မြေသြဇာနှင့် ဆိတ်ချေးမြေသြဇာကို အသုံးပြုနေရသည်ဟု လှိုင်းဘွဲမြို့နယ်တွင် ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“မြေသြဇာတွေစျေးတက်လာတော့ သုံးနေကျမြေသြဇာတွေကိုမသုံးနိုင်တော့ဘူး။ ဆိတ်ချေးတို့ တခြားစျေးသက်သာတဲ့မြေသြဇာတို့နဲ့ရောသုံးနေရတယ်။ ဒီနှစ်ရာဘာစျေးကလည်း ဘယ်လိုလာဦးမလဲ မသိသေးဘူး။ စျေးကောင်းမရရင်တော့ အခုလက်ရှိကုန်စျေးနှုန်းတွေနဲ့ဆို အဆင်မပြေဘူး”ဟု ရာဘာခြုံလုက်ငန်းလုပ်ကိုင်သူခြံပိုင်ရှင်က ပြောသည်။

၎င်း၏ခြံတွင် အော်ဂဲနစ်(သဘာဝမြေသြဇာ)သာ အဓိကထားသုံးစွဲနေရသလို မြေသြဇာထည့်ရာတွင် ရာဘာကျင်းတစ်ကျင်းအတွက် ဆိတ်ချေး ၃ ချိုး၊ စျေးသက်သာသည့်မြေသြဇာ ၁ချိုး သုံးစွဲနေရကြောင်း သူက ဆက်ပြောသည်။

ဓာတ်မြေသြဇာစျေးတက်လာသည့်အတွက် ယခင်နှစ်ထက် ရောင်းအားတစ်ဝက်ကျော်ကျသွားကြောင်း၊ ယခင်က တစ်ရက်လျှင်ဓာတ်မြေသြဇာ အိတ် ၁၀၀ ကျော်ရောင်းရပြီး ယခုတွင်မြေသြဇာလာရောက်ဝယ်ယူသည့် ရာဘာခြံပိုင်ရှင်များ မရှိသလောက်ဖြစ်နေကြောင်း လှိုင်းဘွဲမြို့ရှိ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ရာဘာရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ လှိုင်းဘွဲမြို့တွင်ဆိတ်ချေးတစ်အိတ်လျှင် ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ်ထိရှိပြီး လာရောက်ဝယ်ယူ သူများအား လိုသမျှ ရောင်းပေးရန်ဆိတ်ချေးမရှိကြောင်း တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူ ကိုစိုးအောင်က ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ရာဘာတစ်ပေါင်လျှင် ၇၉၀ ကျပ် မှ ၁,၁၅၀ ကျပ် အထိ ရှိပြီး ယခုနှစ် သြဂုတ်လ၁၀ရက်နေ့ အထိ မွန်ပြည်နယ်ရာဘာစျေးနှုန်းအရ ရာဘာတစ်ပေါင်လျှင် ၁,၃၇၀ ကျပ် အထိရှိသည်ဟု သိရသည်။

၂၀၁၇-၂၀၁၈ခုနှစ်၊ မတ်လ၃၀ ရက်အထိ ရာဘာစိုက်ပျိုးထုတ်လုပ်မှု စာရင်းအရ ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖာပွန်ခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်များ၌ စုစုပေါင်းရာဘာစိုက်ဧက ၂၆၉,၀၅၅ ၊ ရာဘာအစေးလှီးဧက ၁၆၈,၀၂၈ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနရှိ အချက်အလက်များအရ သိရသည်။