Home သတင်း မြေပြင်တိုက်ပွဲများကြောင့် ကောင်းမှုရွာသားများ ပြောင်းရွှေ့၊ ဓာတ်တိုင်ပျက်စီးမှုများရှိနေ

မြေပြင်တိုက်ပွဲများကြောင့် ကောင်းမှုရွာသားများ ပြောင်းရွှေ့၊ ဓာတ်တိုင်ပျက်စီးမှုများရှိနေ

966

ဩဂုတ်လ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့၊ အနီးဝန်းကျင်ရှိ‌ ကျေးရွာများတွင် ဒေသတွင်း မြေပြင်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည့်အ တွက် မြို့မြောက်ပိုင်းရှိ ကောင်းမှုကျေးရွာမှ ရွာသူရွာသားများ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကော့ကရိတ်မြောက်ပိုင်းဒေသခံတစ်ဦးက “ကောင်းမှုရွာမှာ ရွာသားတွေပြေးကုန်ပြီး။ ဒီရက်အတွင်းတော့ တိုက်ပွဲက ဆက်တိုက်ဖြစ်တယ်။ ရွာသားတွေထိမှာစိုးလို့ ကရင်ဘက်က ရွှေ့ခိုင်းလိုက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြေပြင်တိုက်ပွဲ ဖြစ်ပွားသည့်ကျေးရွာများမှာ ကော့ကရိတ်တောင်ပိုင်းရှိ ကမိုင်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ကော့နွဲကျေးရွာအုပ်စုတစ်ဝိုက် ဖြစ်ကြပြီး ကော့ကရိတ်မြောက်ပိုင်းရှိ တောင်သုံးလုံးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်ဖြစ်နေကြောင်း‌ ဒေသခံများက ပြောဆိုကြသည်။

အခြားဒေသခံတစ်ဦးက “မြောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်လည်းဖြစ်တယ်။ နေ့တိုင်းပဲ။ ညဘက်ကော။ ကမိုင်ကုန်းဖြစ်တယ်။ ကော့နွဲဘက်ဖြစ်တယ်။ တောင်သုံးလုံးဘက်ဖြစ်တယ်။ တစ်ခါတစ်လေလည်း တစ်ပြိုင်နက် ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ယခုရက်ပိုင်းတွင် ကော့ကရိတ်တောင်ပိုင်းနှင့် မြောက်ပိုင်း နေရာပတ်လည်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ် ကောင်စီတပ်များက နေ့စဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကော့နွဲ့ကျေးရွာ၌ လူနေအိမ် ထိမှန်ကာ နွားနှစ်ကောင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရွာခံများထံမှ သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင်း ဝင်ရောက်ပစ်ခတ်မှု‌ဖြစ်ပွားပြီးနောက်ပိုင်း ဩဂုတ်လ ၁၉ရက်နေ့တွင် အာရှလမ်းပေါ်ရှိ ကော့နွဲတံတားအလွန်နေရာ၌ ကားပစ်ခတ်ခံရမှုနှင့် ဩဂုတ် ၂၁ရက်၊ ယမန်နေ့ကလည်း လျှပ်စစ်ဓာတ်တိုင်များ ဖောက် ခွဲဖျက်ဆီးခံရမှုများ ရှိခဲ့သည်။

“၂၀ရက် ညက ကော့နွဲရွာထိပ်က မီးတိုင်ဖောက်ခွဲခံရတယ်။ ၂၁ရက်မှာ စစ်တပ်က ကော့နွဲရွာထဲ တက်လာပြီး ရွာထိပ် က မီးတိုင်(ဓာတ်တိုင်)နေရာမှာ တိုက်ပွဲဖြစ်တယ်။ လျှပ်စစ်ဓာတ်တိုင် နှစ်တိုင်မှာ တစ်တိုင်က ပြိုကျသွားပြီး နောက် တစ်တိုင်က အောက်ခြေနှစ်ဖက် ကျိုးသွားတယ်။”ဟု မြင်တွေ့ခဲ့သူ ရွာသားတစ်ဦးက ပြောပြသည်။

သို့သော် အဆိုပါကားပစ်ခတ်မှု၊ ဓာတ်တိုင်ဖျက်ဆီးမှုများနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဩဂုတ်လ ၁၅ရက်နေ့က ကော့ကရိတ်မြို့တွင်း ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်များသည် မြို့တွင်းအဝင်အထွက် လမ်းများအားလုံးကို ပိတ်ထားလျက်ရှိပြီး မြို့ပြင်ရှိကျေးရွာများတွင်လည်း စစ်ရေးလှုပ်ရှားမှု ပိုမိုများပြားလာသဖြင့် တိုက်ပွဲများ ပြင်းထန်လာ‌ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။