Home ဆောင်းပါး စစ်ကောင်စီ၏ဒေါက်တိုင် စွမ်းအင်ကုမ္ပဏီများ

စစ်ကောင်စီ၏ဒေါက်တိုင် စွမ်းအင်ကုမ္ပဏီများ

999
Photo: TotalEnergies

စစ်ကောင်စီ၏ဒေါက်တိုင် စွမ်းအင်ကုမ္ပဏီများ

စောနေတိုး

(၂၂ ဩဂုတ်၊ ၂၀၂၂)

စစ်ကောင်စီသည် သူ၏ စီးပွားရေး အဓိကဒေါက်တိုင်များအား သိသာစေသည့် ကြေငြာချက်တခုအား မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။ ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းရာတွင် ပုဂ္ဂလိက ကုမ္ပဏီသုံးခု ပါဝင်နေသည်။ အဆိုပါကုမ္ပဏီသုံးခုသည် စစ်ကောင်စီ၏ အဓိကစီးပွားရေးဒေါက်တိုင်များ ဖြစ်သည်ဟု လေ့လာသူများက ဆိုကြသည်။

စက်သုံးဆီ သိုလှောင်ရောင်းချသည့်လုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတခုဖြစ်သည်။ ထို့အပြင် နိုင်ငံတစ် ခုတည်ငြိမ်ရေးနှင့် စစ်ရေးအတွက်ပါ မဟာဗျူဟာကျသည့် ကုန်စည်တစ်မျိုးလည်း ဖြစ်သည်။ စက်သုံးဆီလုပ်ငန်းအား ဖြတ်တောက်ဟန့်တားထားနိုင်ပါက စစ်တပ်၏ တိုက်လေယာဉ်များ ပျံသန်း၍မရသည်အထိ ဖြစ်နိုင်သည်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် စွမ်းအင်လုပ်ငန်းအား နိုင်ငံပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့်နိုင်ငံများ ရှိကြသည်။ အချို့သောနိုင်ငံများသည် စက်သုံးဆီတင်သွင်းဖြန့်ဖြုးသည့်လုပ်ငန်းများအား အာဏာပိုင်များ၏ ဆွေမျိုး များနှင့် ၎င်းတို့၏ ယုံကြည်စိတ်ချရသော လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပေးလေ့ရှိသည်။

ထို့အပြင် စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသည့်လုပ်ငန်းသည် အကျိုးအမြတ်များစွာရသော လုပ်ငန်းလည်းဖြစ် သည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်းကုမ္ပဏီကြီးများအား ကြည့်မည်ဆိုလျှင် စွမ်းအင်ထုတ်လုပ်သော ကုမ္ပဏီများမှာ အများစု ပါဝင်ကြသည်။

ချယ်လ်ဆီးဘောလုံးအသင်း အပါအဝင် ပရီးမီးယားလိဒ်တွင် ကန်နေသော ကမ္ဘာကျော်ဘောလုံးအသင်းပိုင်ရှင်အချို့မှာ ရေနံတူးဖော်ရောင်းချသည့် လုပ်ငန်းရှင်သူဌေးကြီးများဖြစ်သည်။ စီးပွားရေးအရ အကျိုးအမြတ်များပြီး နိုင်ငံရေးအရ မဟာဗျူဟာကျသော စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးသည့် စွမ်းအင်လုပ်ငန်းအား မြန်မာနိုင်ငံတွင် စစ်ခေါင်း ဆောင်များက သူတို့မိသားစုဝင်များနှင့် စိတ်ချယုံကြည်ရသော လုပ်ငန်းရှင်များကိုသာ လုပ်ပိုင်ခွင့်ပေးလေ့ရှိသည်။

မြန်မာနိုင်ငံတွင်လည်း နဝတခေတ်အစပိုင်းတွင် စွမ်းအင်လုပ်ငန်းထဲ ပါဝင်သော စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူး ခြင်းလုပ်ငန်းအား အစိုးရက အဓိက ချုပ်ကိုင်ထားခဲ့သည်။ သို့သော် နဝတအစိုးရဆင်းခါနီးတွင် စက်သုံးဆီဆိုင်များနှင့် စက်သုံးဆီတင်သွင်းရောင်းချခြင်း လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စက်သုံးဆီဆိုင်များနှင့် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခွင့်ပေးခဲ့သော ကုမ္ပဏီကြီးများထဲတွင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ ကမ္ဘောဇဘဏ်၊ Max Myanmar နှင့် ဧဒင်ကုမ္ပဏီတို့ဖြစ်သည်။ မြတ်မေတ္တာမွန် ကုမ္ပဏီသည် စက်သုံးဆီသိုလှောင်ကန်များ အများစုရရှိထားသော ကုမ္ပဏီဖြစ်ပြီး ဦးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေး အောင်နှင့် အကျိုးတူလုပ်နေသော ကုမ္ပဏီဖြစ်သည်။ ထူးကုမ္ပဏီအနေဖြင့် စက်သုံးဆီလုပ်ငန်းအား ဦးတေဇနှင့် သူရ ဦးရွှေမန်း၏သား ကိုအောင်သက်မန်းတို့ အကျိုးတူ လုပ်ဆောင်ကြသည်။

ကမ္ဘောဇဘဏ်လုပ်ငန်းစုသည် နဝတ ခေတ် ဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ အရင်းနှီးဆုံး လုပ်ငန်းရှင် ဖြစ်သည်။ အလားတူ ဧဒင်ကုမ္ပဏီဥက္ကဌ ဦးချစ်ခိုင်သည်လည်း ဦးသန်းရွှေနှင့် ခင်မင်ရင်းနှီးသော လုပ်ငန်းရှင်တစ်ဦးဖြစ် ပြီး Max Myanmar ပိုင်ရှင် ဦးဇော်ဇော်မှာ ဦးသန်းရွှေ၊ သီဟသူရတင်အောင်မြင့်ဦးတို့နှင့် ခင်မင်ရင်းနှီးသူများ ဖြစ် သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် စွမ်းအင်လုပ်ငန်းအား ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ထို့နောက် ရုရှားမှ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးသည့် ဦးဆောင်ကုမ္ပဏီကိုဖွဲ့စည်းပြီး သူနှင့်ရင်းနှီးသူ သို့မဟုတ် သူ၏ဒေါက်တိုင်လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ပေးခဲ့သည်။

ရုရှားမှ စစ်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးခွင့်ရသော ကုမ္ပဏီများထဲတွင် Brighter Energy ကုမ္ပဏီသည် KBZ ဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သောကုမ္ပဏီ ဖြစ်သည်။ ဦးအောင်ကိုဝင်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မကြာခဏ အရက်အတူသောက်လေ့ရှိသူ ဖြစ်သည်။ ဦးအောင်ကိုဝင်း နေထိုင်သော အောင်ပန်းမြို့မှ နေအိမ်အား စစ်သားများက လုံခြုံရေးယူပေးထားသည်။ ထို့ကြောင့်လည်း စစ်ခေါင်းဆောင်က သူနှင့်ရင်းနှီးပြီး စိတ်ချ ယုံကြည်ရသူ KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီအား ရုရှားမှ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးခွင့်ပေးခြင်း ဖြစ်သည်။

ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြုးရောင်းခွင့်ရသော Yetagon Energy Trading ကုမ္ပဏီသည် စစ်ခေါင်းဆောင် သား ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သောကုမ္ပဏီဖြစ်သည်။ အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်သည် စစ်ခေါင်းဆောင်မိသားစု၏ လုပ်ငန်းအများစုကို နာမည်ခံပေးထားသူဖြစ်သည်။ အဆိုပါ Yetagon Energy Trading ကုမ္ပဏီသည် စစ်တပ်က အာဏာသိမ်းပြီးမှ ထူထောင်လာသော ကုမ္ပဏီလည်းဖြစ်သည်ဟု စွမ်းအင်လုပ်ငန်းလုပ်ကိုင် သူအချို့က ဆိုသည်။

နောက်ထပ် ရုရှားနိုင်ငံမှ စက်သုံးဆီတင်သွင်းရောင်းချခွင့်ရသော ကုမ္ပဏီမှာ Best Oil (BOC) ကုမ္ပဏီဖြစ်သည်။ BOC ကုမ္ပဏီပိုင်ရှင်ဦးဝင်းဆွေသည် မန္တလေးအခြေစိုက် မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်သည်။ နဝတ အစိုးရလက်ထက် တွင် ဗိုလ်ချုပ်ခင်ညွှန့်နှင့် အလွန်ရင်းနှီးသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ စက်သုံးဆီ လက်လီဈေးကွက် တွင် နာမည်ရ PTT စက်သုံးဆီဆိုင်များသည် BOC ကုမ္ပဏီပိုင် စက်သုံးဆီဆိုင်များ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်း ပြီးနောက် စစ်ခေါင်းဆောင်သည် ဦးခင်ညွှန့်တပည့် ထောက်လှမ်းရေးများအား ပြန်လည်ခေါ်ယူတာဝန်ပေးသလို ဦးခင် ညွှန့်နှင့်ရင်းနှီးသော လုပ်ငန်းရှင်များအား ပြန်လည်နေရာပေးလာခဲ့သည်။

ထို့ကြောင့် မကြာသေးခင်က ထုတ်ပြန်လိုက်သော ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခွင့်ရသော ဦးဆောင်ကုမ္ပဏီများသည် လက်ရှိစစ်ခေါင်းဆောင်၏ အဓိက ဒေါက်တိုင်ကုမ္ပဏီဖြစ်သည်ဟု စီးပွားရေး ပညာရှင်အချို့ နှင့် နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုနေခြင်းဖြစ်သည်။