Home သတင်း ကတိုင်တိရှိ BGF ဂိတ်စခန်းငယ်တစ်ခုကို (KNLA)ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်၍ နှစ်ဖက်အကျအဆုံးများရှိနေ

ကတိုင်တိရှိ BGF ဂိတ်စခန်းငယ်တစ်ခုကို (KNLA)ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်၍ နှစ်ဖက်အကျအဆုံးများရှိနေ

1354
Photo: CJ

ဩဂုတ် ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေ ကတိုင်တိကျေးရွာအုပ်စု၊ ကညင်ဒုံတံ တားရှိ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်းငယ်တစ်ခုကို ယနေ့ သြဂုတ်လ (၂၂) ရက်၊ နံနက် (၂)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက် အကျအဆုံးများရှိခဲ့သည်ဟု ရွာသားများထံမှ သိရသည်။

ကတိုင်တိကျေးရွာအုပ်စု၊ ကိုင်းတောရွာအနီး ဘောကျို့လယ်ရွာအတွင်း တည်ဆောက်ထားသည့် ကညင်ဒုံတံတားရှိ ကတိုင်တိကျေးရွာအခြေစိုက် အမှတ် (၁၀၁၃)နယ်ခြားစောင့်တပ် (BGF)ဂိတ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ၁ နာရီခန့် ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် (BGF) တပ်ဘက်ခြမ်းမှ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လက်နက်ကြီးအချက်ရေ (၃၀) ခန့်ဖြင့် ပစ်ကူပေးခဲ့သောကြောင့် (KNLA) ပူးပေါင်းတပ်ဖွဲ့က တပ်ပြန်ဆုတ်ခွာခဲ့ရသည်ဟု ရွာသားများက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း (BGF) ဘက်မှ ၂ ဦးကျဆုံးခဲ့သလို (KNLA) ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၂ ဦးကျဆုံးခဲ့သည်ဟု တိုက်ပွဲနှင့်နီးစပ်သည့် ကတိုင်တိရွာသားတစ်ဦးက ယခုလိုပြောသည်။

“မနက်က (၂) နာရီလောက်ရှိမှာပေါ့။ အဲ့အချိန်လောက်မှာ လက်နက်ကြီးသံတွေနဲ့ ပစ်သံခတ်သံတွေ စပြီးတော့ပစ်တာပေါ့။ ဒီကတိုင်တိရွာအထွက် ကိုင်းတောရွာနားမှာ ကညင်ဒုံ တံတားဆိုတာရှိတယ်။ အဲ့နားမှာ BGF စခန်းငယ်လေးတစ်ခုရှိတယ် ဂိတ်ပေါ့။ အဲ့ဒီခန်းကိုဝင်စီးတာ။ တော်တော်ကြာကြာလေးဖြစ်လိုက်တာဆိုတော့ ၁ နာရီနီးပါးလောက်ရှိမယ်။ ရွာထဲကတပ်စခန်းက အလုံးကြီးလှမ်းကူပစ်တော့ မသိမ်းလိုက်နိုင်ဘူး။ လက်နက်ကြီးပစ်တာ အချက် (၃၀) လုံး လောက်ရှိမယ်။ အဆက်မပြတ်ကို ပစ်နေတာ ။ ပစ်ကူတော့ တပ်ဆုတ်ပေမဲ့ (BGF) တပ်သား ၂ ယောက်ကျတယ်တဲ့။ (KNLA)ဘက်ကလည်း (၂) ယောက်ကျကျန်ခဲ့တယ်လို့ သိရတယ်။”ဟု ၎င်းက ပြောသည်။

ထို့နောက် (BGF)နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားသည့်နေရာပင်မဟုတ်ဘဲ ၎င်းတို့စခန်းအနီးအနားပတ်ပတ်လည်ရှိ ဘောကျို့ထ၊ ဘောကျို့လယ်၊ နတ်ကျောက် ကျေးရွာထဲသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

“စခန်းပတ်ပတ်လည်ဆို ဘောကျို့ထ အနီးဆုံးက ကိုင်းတော ကိုင်းတောကျော်တာနဲ့ ကညင်ဒုံတံတား (အဲ့ဒီနားက BGF) ဂိတ်ကို လက်နက်ကြီးပစ်ကူလည်းပေးတယ်။ အနီးအနားက ဘောကျို့ထတို့၊ ဘောကျို့လယ်နတ်ကျောက် အဲ့ဒီရွာထဲတွေကိုလည်း လက်နက်ကြီးပစ်ထည့်တာ။ တစ်ချို့ကရွာထဲကိုလည်းကျတယ်။ တစ်ချို့အလုံးတွေကတော့ သူတို့တပ်ထဲကိုပဲပြန်ကျတယ်တဲ့”ဟု ၎င်းကတိုင်တိရွာသားက ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်နှင့် ထိခိုက်ကျဆုံးမှု အခြေအနေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကေအဲန်ယူ နှင့် BGF ဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသလို ဆက်သွယ်ရေး အခက်အခဲများကြောင့် အသေးစိတ်အခြေအ နေများကို ကေအိုင်စီအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်လမှစ၍ မြိုင်ကြီးငူဒေသထဲသို့ BGF ဘက်မှ စစ်အင်အား အလုံးအရင်းဖြင့် နှစ်ကြိမ်ခန့် စစ်အင်အား ဖြည့်တင်း ထားပြီး ကေအဲန်ယူ တပ်မဟာ(၅)ဘက်သို့ စေလွှတ်ရန် လုပ်ဆောင်နေသလို တပ်မဟာ (၅)ဒေသတွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။