Home သတင်း ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား မြေပြင်နှင့်လေကြောင်း ပူးပေါင်းတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်အကျအဆုံးရှိနေ

ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား မြေပြင်နှင့်လေကြောင်း ပူးပေါင်းတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်အကျအဆုံးရှိနေ

831
Photo: CJ

ဩဂတ် ၂၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက်ဝေါလေလမ်းပိုင်း ၃ထပ်ကွေ့နေရာအား ယနေ့သြဂုတ် ၂၃ ရက်နံနက် ၁၀ နာရီခန့်မှ စတင်၍ စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ၊ လေကြောင်းမှဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း သိရသည်။

“တိုက်ပွဲက တစ်နေ့ကုန်ဖြစ်နေတာ တောင်ကြောမှာ ၃ နေရာလောက် ဖြစ်နေတယ်၊ လက်နက်ကြီးက ၃ နေရာလောက်ကနေ ပစ်ကူပစ်ပေးနေတယ်။ လေယာဉ် ၃ ကြိမ်လာပစ်တယ်၊ မနက်ပိုင်းမှာ ၄ စီး တစ်ပြိုင်နက် လာဝဲပြီးပစ်တယ်၊ ဗုံးကြီးတွေ ကြဲချတယ်၊ နေ့လည် ၂ စီးလာပစ်တယ်၊ အခု ၃ နာရီလောက်မှာ ၁ စီးထပ် လာပစ်တယ်၊ မနက်က ၄ စီးတစ်ပြိုင်ထဲ ဗုံးကြီးကြဲရာမှာ KNLA ဘက်က တစ်ယောက်ကျတယ်၊ ၄ ယောက်ဒဏ် ရာရတယ်။ သူတို့ဘက်လည်း မိုင်းထိတာ၊ သေနတ်ထိတာတွေ၊ သေတာတွေရှိနေတယ်”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ မြ၀တီအခြေစိုက် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၀င်များနှင့် ကော့က ရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်မှ လမ်းပြအရံစစ်ကြောင်းအဖြစ် ပါ၀င်တိုက်ခိုက်ပေးနေကြောင်း ၎င်းစစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။

ထို့အပြင် လေးကေကေကော် အမြှောက်ကုန်း၊ လက်ခတ်တောင် BGF အမြှောက်ကုန်း၊ ဖလူးဘုရားကုန်း ၊ သင်္ဃန်း ညီနောင် ၃၅၅ တပ်ရင်း အမြှောက်ကုန်းတို့ဘက်မှ ဟောင်ဝှစ်ဇာ အမြှောက်၊ အတွဲလိုက်ရောကက်ဒုံးများ၊ မော်တာစိန်ပြောင်းမျာဖြင့် လေးကေကော်တောင်ကြော၊ ၃ထပ်ကွေ့ တောင်ကြော၊ မတ်ရပ်တော် ရုပ်ပွားတော်ကုန်းများဘက်သို့ ပစ်ကူပေးပစ်ခတ်နေကြောင်းလည်း သိရသည်။

Photo: CJ