Home သတင်း ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်မှလေယာဉ်နှင့် နှစ်ကြိမ်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်မှလေယာဉ်နှင့် နှစ်ကြိမ်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်

1044
Photo: KNU

ဩဂုတ် ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်ထဲတွင် ယနေ့နံနက် ၈နာရီဝန်းကျင်၌ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် (၂)ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်မှုလုပ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မုန်းမြို့နယ်ရှိ ကနစိုးပင်ကျေးရွာတွင် ယနေ့ နံနက်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၈)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်သည့် နေရာအနီးတွင် လေယာဉ်နှင့်စစ်ကူအဖြစ်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ ဒီမနက် အပေါ်ဘက်ကို လေယာဉ်နဲ့ သွားတာ ခဏခဏပဲ။ တပ်ရင်း(၈)ဘက်မှာ လေယာဉ်နဲ့သွားပစ်တာ။ အဲဒီဘက်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ရတယ်ဆိုတော့ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ကနစိုးပင်ကျေးရွာတွင် ယနေ့ နံနက်က နယ်မြေခံ KNLA တပ်နှင့် စစ်ကောင်စီတပ်အကြား မိနစ်(၄၀) ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်နှင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ကနစိုးပင်ကျေးရွာရှိ ဒေသခံလူထုများ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟုလည်း ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ မုန်းမြို့နယ်အတွင်း အခြေချနေထိုင်သည့် စစ်ကောင်စီတပ်စခန်းများမှ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

ထို့အပြင် မုန်းမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံလူထုများသည် စစ်ကောင်စီတပ်၏ မကြာခဏ ဖမ်းဆီးမှု ကြုံတွေ့ရကာ အချို့သည် ပြန်လည်လွတ်မြောက်လာသူရှိသလို စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ညောင်လေးပင်ခရိုင်တွင် လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ တစ်သိန်းဝန်းကျင်ရှိကာ အများစုမှာ မုန်းမြို့နယ်နှင့် ကျောက်ကြီး မြို့နယ်မှ ဒေသခံလူထုများဖြစ်ကြသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၉)ရက်နှင့် ဩဂုတ် (၈)ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်မှ လေယာဥ်နှင့် အလားတူ လာရောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

၎င်းအပြင် ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်ဘက်မှ ဒရုန်းယာဉ်အသုံးပြုပြီး စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်လာသည့်အပြင် ကင်းထောက်လေယာဉ်နှင့်လည်း နေ့ရောညပါ စုံစမ်းထောက်လှမ်းမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သကဲ့သို့ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ မြဝတီတောင်ဘက် ဖလူး-ဝေါလေ သုံးထပ်ကွေ့လမ်းပိုင်းဘက်တွင်လည်း ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။