Home သတင်း ပြည်သူများ အဖိနှိပ်ခံဘဝလွတ်မြောက်ရေး ကရင်လက်နက်ကိုင်များအားလုံး တော်လှန်တိုက်ပွဲဝင်ကြရန် ဒူးပလာယာခရိုင်အတွင်းရေးမှူး တိုက်တွန်း

ပြည်သူများ အဖိနှိပ်ခံဘဝလွတ်မြောက်ရေး ကရင်လက်နက်ကိုင်များအားလုံး တော်လှန်တိုက်ပွဲဝင်ကြရန် ဒူးပလာယာခရိုင်အတွင်းရေးမှူး တိုက်တွန်း

712
Photo: CJ

ဩဂုတ် ၁၃ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ပြည်သူတစ်ရပ်လုံး အဖိနှိပ်ခံ ဘဝလွတ်မြောက်ရေးအတွက် မဟာလူမျိုးကြီးဝါဒီနှင့် အာဏာရှင်စနစ်ဆိုးကို ပျက်သုန်းသွားသည်အထိ တွန်းလှန်တိုက်ပွဲဝင်ကြရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်းကျင်းပသည့် ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က တိုက်တွန်းပြောဆိုခဲ့သည်။

အဖိနှိပ်ခံနေကြရသည့် မိမိတို့ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရန်နှင့် အာဇာနည်ခေါင်းဆောင်များ၏ ချမှတ်ထားသည့် မျှော်မှန်းချက်ပန်းတိုင် ရောက်ရှိသည့်အထိ ကရင်လက်နက်ကိုင်များအားလုံး စုစုစည်းစည်းဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်တော်လှန်သွားကြရမည်ဟု KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က အာဇာနည်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

“ကရင်လက်ထဲက သေနတ်ဟာ အမျိုးသားကို ကာကွယ်တဲ့သေနတ်ဖြစ်ရမယ်။ ကိုယ့်အချင်းချင်းမလှည့်ရဘူး။ ဥပဒေအားဖြင့် အာမခံချက်ရှိတဲ့ ကရင်ကံကြမ္မာကရင်ဖန်တီးရမယ်။ အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒီ ပျက်သုန်းသွားတဲ့အထိ ကရင်လက်နက်ကိုင်အဖွဲ့အသီးသီးနဲ့ ပြည်သူတစ်ရပ်လုံး စုစည်းပြီး အောင်ပွဲရတဲ့အထိ တော်လှန်ချီတက်သွားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။

ထိုနေ့အခမ်းအနားတွင် ကျဆုံးသွားခဲ့ကြသည့် ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင်များကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဂုဏ်ပြုစစ်ကြောင်းမှ ချီတက်အလေးပြုခြင်း၊ လူမှုအဖွဲ့အစည်းအသီးသီးမှ အာဇာနည်လွမ်းသူ့ပန်းခွေများ အောက်မေ့ဂုဏ်ပြုချခြင်း၊ အာဇာနည်နေ့သမိုင်းကြောင်းအရာများနှင့် ဗဟိုမှ‌ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခဲ့သည်။

အခမ်းအနားတက်ရောက်လာသူ နို့တကော်မြို့နယ်မှ စောအဒီးက “ကျနော်တို့ ကရင်တွေဟာ အမျိုးမျိုးကွဲပြားလာကြတယ်။ လူထုတစ်ယောက်အနေနဲ့ ပြန်ပြီးစုစည်းစေချင်တယ်။ စောဘဦးကြီး ချမှတ်ထားတဲ့ မူတွေကို အားလုံးလိုက်နာကြဖို့ လိုတယ်။ ကရင့်ကံကြမ္မာ ကရင်တွေပဲ ဖန်တီးကြရမယ်။ ဘယ်သူ့ကိုယ်မှ အားကိုးလို့မရဘူး။ အားလုံးစုစည်းနိုင်မှ အာဇာနည်ခေါင်းဆောင်တွေရဲ့ မျှော်လင့်ချက် ပန်းတိုင်ရောက်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

KNU ဒူးပလာယာခရိုင် နို့တကော်၊ ကျုံဒိုး၊ ကော့ကရိတ်၊ ဝင်းရေးမြို့နယ်ရှိ ဌာနဆိုင်ရာများမှ ပြည်သူများနှင့် ပူးပေါင်းပြီး ယခုနှစ်ကျရောက်သည့် ၇၂နှစ်မြောက် အာဇာနည်နေ့အား အသီးသီးကျင်းပကြသည်။ ထို့အပြင် တော်လှန်ရေးအတွင်း ကျဆုံးသွားသည့် ခေါင်းဆောင်များအား ကိုယ်ကွယ်ယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းဂုဏ်ပြုကြပြီး ကိုယ်လက်အင်္ဂါနှင့် အသက်ပေးဆပ်ခဲ့ကြရသည့် ရဲဘော်များကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ရဲဘော်များမှ ကရင့်တော်လှန်ရေးတာဝန် ထမ်းဆောင်နေရင်း ၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် နဘူး-ထို့ကော်ကိုးရွာအနီး၌ ရန်သူပစ်ခတ်မှု ကြောင့် ကျဆုံးခဲ့ကြရသည့်နေ့ကို အစွဲပြုပြီး ကရင်တစ်မျိုးသားလုံး၏ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ် သည်။

Photo: CJ