Home သတင်း KNUထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ကျန်မိသားစုဝင်များနှင့်ပြန်လည်ဆုံဆည်းနိုင်ရေး၊ စားဝတ်နေရေးနှင့် အလုပ်အကိုင်စီစဥ်ပေးထား

KNUထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ကျန်မိသားစုဝင်များနှင့်ပြန်လည်ဆုံဆည်းနိုင်ရေး၊ စားဝတ်နေရေးနှင့် အလုပ်အကိုင်စီစဥ်ပေးထား

629

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဇူလိုင်လကုန်ပိုင်းက KNU-ကရင်အမျိုးသားအစည်းအရုံးထံခိုလှုံလာသည့် စစ်ကောင်စီ၏ တပ်မ(၄၄) လက် အောက်ခံ ခြေမြန်တပ်ရင်း -ခမရ (၂၀၇) မှ ဒုတပ်ကြပ် ကျော်နိုင်စိုး၏ ကျန်ရှိသည့် မိသားစုဝင်များကို KNU က လွတ်မြောက်နယ်မြေသို့ခေါ်ယူပေးကာ ဩဂုတ် ၁၂ရက်မှစ၍ မိသားစုနှင့်အတူ ဆုံဆည်းနိုင်ခဲ့ပြီး စားဝတ်နေရေး စီစဥ်ပေးထားကြောင်း သိရသည်။

ဒုတပ်ကြပ်ကျော်နိုင်စိုးသည် မြ၀တီ – ဝေါ်လေလမ်းပိုင်းသို့ နယ်မြေထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီ စစ်ကြောင်းအား KNU၏ KNLA -ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကော်ဘရာ စစ်ကြောင်းမှ တန်ပြန်တိုက်ခိုက် မှုဖြစ်စဥ်အတွင်း ၉ ရက်ခန့် အစာရေစာ ပြတ်တောက်ကာ အထက်အရာရှိများ ဖိအားပေး စစ်တိုက် ခိုင်းနေသည့်အတွက် ဇူလိုင် ၁၆ရက်တွင် KNU ထံ ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်သည်။

“ကျမ ယောကျ်ားကို အခုလို ပြည့်ပြည့်စုံစုံ နဲ့ ပြန်တွေ့ရတာ ဝမ်းသာတယ်။ သူတို့က နင့်ယောက်ျား ရှေ့တန်းမှာ သေပြီဆိုပြီး ဓာတ်ပုံလာပြပေမယ့် ကျမ မသိသလိုပဲနေခဲ့ပြီးတော့ မိသားစုတွေ ပြန်ဆုံနိုင်ဖို့ စီစဥ် ပေး တဲ့အတိုင်း လိုက်လာခဲ့တာပါ ။ ဒီက လူကြီးတွေက နေဖို့ စားဖို့ မပူရအောင်စီစဥ်ပေးထားတယ်။ အလုပ်အကိုင်ရဖို့ တတိယ နိုင်ငံသွားဖို့လည်း စီစဥ်ပေးထားတယ်။ သားသမီးတွေကို အခု အင်္ဂလိပ်စာ ကျက်ခိုင်း ၊သင်ခိုင်း နေပြီ”ဟု ဒုတပ်ကြပ် ကျော်နိုင်စိုး၏ ဇနီးက ကေအိုင်စီသို့ ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း နယ်မြေကျူးကျော် ဝင်ရောက် တိုက်ခိုက်နေကြသည့် စစ်ကောင်စီဘက် မှ ဒေါန အရှေ့ခြမ်း လေးကေကော်ဖလူး-ဝေါလေလမ်းပိုင်း စစ်ရေးနယ်မြေအတွင်း CDM ပြုလုပ် KNLA တပ်ဖွဲ့ များ ထံခိုလှုံလာသူ ဒုတပ်ကြပ်ကျော်နိုင်စိုး အပါအဝင် ၁၅ဦး ခန့် ရှိထားပြီး ၎င်းတို့ မိသားစုဝင်များ ဆုံဆည်းနိုင်ရေး ဆက်လက် လုပ်ဆောင်ကူညီလျက်ရှိကြောင်း KNU တာဝန်ရှိသူများက ပြောသည်။

အဆိုပါ KNU -ကရင်အမျိုးသား အစည်းအရုံးဘက်သို့ CDM ပြုလုပ် ခိုလှုံလာကြသည့် စစ်ကောင်စီတပ် စစ်သည်များအား NUG အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ရင်ခွင်အဖွဲ့၊ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တို့က ပူးပေါင်းချိတ်ဆက်ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရပါသည်။