Home သတင်း ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး ပန်းတိုင်ရောက်သည့်အထိ ဆောင်ရွက်သွားမည်ဟု DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောအေဝမ်းပြော

ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး ပန်းတိုင်ရောက်သည့်အထိ ဆောင်ရွက်သွားမည်ဟု DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောအေဝမ်းပြော

1176

ဩဂုတ် ၁၃ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

အစုအဖွဲ့ကွဲပြားနေသည့် ကရင်တော်လှန်ရေးလက်နက်ကိုင်များ တစ်စုတစ်ဖွဲ့တည်းဖြင့် ပြန်လည်စုစည်းပြီး အာဇာနည်ခေါင်းဆောင်များ၏ ချမှတ်ထားသည့် ပန်းတိုင်ရောက်သည့်အထိ ကြိုးစားဆောင်ရွက်သွားမည်ဟု ယမန်နေ့က KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ လေးဝါဖလိုရွာတွင် ကျင်းပသည့် ၇၂ နှစ်မြောက် ကရင်အမျိုးသားအာဇာ နည်နေ့ အခမ်းအနားတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့မှ ဗိုလ်မှူးကြီးစောအေဝမ်းက ပြောဆိုလိုက်သည်။

အာဇာနည်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ကရင်လူထုများ၏ လိုလားချက်များကို အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ကွဲပြားနေသည့် ကရင့်လက်နက်ကိုင်များအားလုံး ပြန်လည်စုဖွဲ့သွားရန် လိုအပ်မည်ဖြစ်ပြီး ကရင့်ပန်းတိုင်ရောက်ရှိသည့်အထိ ကြိုးစားဆောင်ရွက်သွားရန် အချိန်တန်ပြီးဟု DKBA အမှတ်(၂) နည်းဗျူဟာမှူးဖြစ်သူက ဗိုလ်မှူးကြီးစောအေဝမ်းက ပြောဆိုသည်။

သူက“တန်းတူညီမျှတဲ့ အခွင့်အရေးရရှိဖို့အတွက် အာဇာနည်ခေါင်းဆောင်တွေက အသက်ပေးဆပ်ခဲ့ကြတယ်။ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို အောက်မေ့သတိရပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်။ ကရင်လူထုတွေရဲ့ လိုလားချက် အာဇာနည်ခေါင်း ဆောင်တွေရဲ့ မျှော်မှန်းချက်တွေရရှိဖို့ တစ်စုတစ်ဖွဲ့ထဲနဲ့ ပြန်နေပြီး ပန်းတိုင်ရောက်ရှိဖို့အထိ ကြိုးစားရမယ့် အချိန်ရောက်နေပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

KNU ဒူးပလာယာခရိုင် လေးဝါဖလိုကျေးရွာ DKBA အမှတ်(၂) နည်းဗျူဟာဌာနချုပ်တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားတွင် DKBA တပ်ဖွဲ့ဝင်များမှ အာဇာနည်ခေါင်းဆောင်များအား ဂုဏ်ပြုတပ်ဖွဲ့ ဝင်များဖြင့် ချီတက်အလေးပြုကြပြီး တက်ရောက်လာသည့် KNU ခေါင်းဆောင်များက ကရင့်တော်လှန်ရေး ဖြစ်ပေါ်လာသည့်သမိုင်းကြောင်းနှင့် အာဇာနည်နေ့သမိုင်းအကြောင်းအရာများကို ရှင်းလင်းပြောဆိုသွားခဲ့သည်။

အခမ်းအနားတက်ရောက်လာသူ KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က “ ကရင် တော်လှန်ရေးသမိုင်းနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ ပေးဆပ်ခဲ့မှုတွေအပေါ်မှာ အဖွဲ့အစည်းအသီးသီးတွေမက လူထုအားလုံးသိရှိသွားအောင် လာရောက်ပြောပြခွင့်ရတဲ့အပေါ် ကျေးဇူးတင်တယ်။ မပြီးဆုံးသေးတဲ့ ကရင့် တော်လှန်ရေးကို စုစုစည်းစည်းနဲ့ ဆုံးခန်းတိုင်အောင် ချီတက်ကြရမယ်။ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်မှန်သမျှ စုစုစည်းစည်းနဲ့ တွန်းလှန်သွားနိုင်မယ်လို့လည်း ယုံကြည်တယ်” ဟု ပြောသည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA အဖွဲ့သည် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြန်လည်ပေါင်း စည်းသွားရန် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင် ၎င်းတို့အဖွဲ့ ခေါင်းဆောင်များနှင့် KNU တို့ ခေါင်းဆောင်တို့ တွေ့ဆုံပွဲတွင် သဘောတူညီမှုရှိထားကြသည်ဟု ထွက်ပေါ်လာသော အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြပါရှိသည်။

KNU ဒူးပလာယာခရိုင်တွင် အခြေစိုက်သည့် ဗိုလ်မှူးကြီး စောအေဝမ်းဦးစီးသော DKBA အဖွဲ့သည် ကရင်အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ ယခုနှစ် အခမ်းအနားကို အခြား ကရင့်လက်နက်အဖွဲ့များနှင့် တော်လှန်ရေးအစုအဖွဲ့များလည်း တက်ရောက်ဂုဏ်ပြုခဲ့သည်။