Home သတင်း လုံခြုံရေးတင်းကြပ်မှုများရှိသော်လည်း မြဝတီမြို့တွင် ခိုးမှု ဖောက်ထွင်းမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိနေ

လုံခြုံရေးတင်းကြပ်မှုများရှိသော်လည်း မြဝတီမြို့တွင် ခိုးမှု ဖောက်ထွင်းမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိနေ

640

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်ကောင်စီတပ်က မြို့တွင်းအနှံ့ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လုံခြုံရေးတင်းကြပ်စွာ လုပ်ဆောင်နေသော်လည်း ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု စသည့်ဖြစ်စဉ်များပိုမိုအဖြစ်များလာကြောင်း မြဝတီ မြို့ခံ များက ဆိုသည်။

မြဝတီမြို့၏ မြို့ပြင် တောင်ပေါ်ထိပ်များတွင် စစ်ကောင်စီတပ်က ကင်းစခန်း လုံခြုံရေးများချထားသလို မြို့တွင်း ရပ်ကွက်များတွင်လည်း နေ့ညလှည့်ကင်း ပတ်ကင်းများဖြင့် လုံခြုံရေးတင်းကြပ်မှုများ၊ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း ခိုးမှု လုယက်မှု ဖောက်ထွင်းမှု ဖြစ်စဉ်များသည် ယခင်လများမှစ၍ တစ်ရက်ကို နှစ်ကြိမ် ဖြစ်ပွားနေကြောင်း မြို့ခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “စစ်သားတွေ ဘုန်းကြီးကျောင်းတောင်ပေါ်တွေမှာ စခန်းချထားတာပဲ။ မနက်ပိုင်းဆိုရင် မြို့ထဲမှာ လိုက်ပတ် တယ်လေ။ ခိုးတဲ့လူတွေကတော့ ခိုးနေကြတာပဲ။ တစ်ရက် (၂) ခါလောက်တော့ရှိမယ်။ ဘယ်လိုလဲဆိုတော့ ကျနော် တို့ဆိုင်ကယ်တွေက လိုင်စင်မပါဘူးလေ။ ရဲလည်းတိုင်မရဲဘူး။ အိမ်ထဲမှာ ထည့်ထားလည်း လာခိုးတဲ့ သူခိုးတွေက ရှိတာပဲ။ သူတို့မှာက သော့အတုတွေရှိတာဖြစ်မယ်။ အဲ့သော့နဲ့လှည့်လိုက်ရင် ကားရောဆိုင်ကယ်ရောက သူ့ဘာသူ ပွင့်တာပဲ။ ရပ်ကွက်ထဲက လူတွေနဲ့ အုပ်စုဖွဲ့ပြီး လိုက်ဖမ်းတာပေါ့။ တစ်ခါတစ်လေမိတာရှိတယ်။ ပစ္စည်းပြန်ရတယ် မရတာတွေလည်းရှိတာပဲ”ဟုပြောသည်။

ထိုသို့ လုံခြုံရေး တင်းကြပ်ထားသော်လည်း ခိုးယူဖောက်ထွင်းမှုများကို သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးခြင်းမပြုကြောင်းနှင့် ရပ်ကွက်နေပြည်သူများကသာ အုပ်စုဖွဲ့ဝိုင်းဖမ်းကြပြီး ရဲလက်ထဲသို့ မအပ်ရဲကြဘဲ နားလည်မှု ဖြင့် ပြန်လွတ်ပေးရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ပြီးခဲ့သည့်လများတွင် မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သလို ဗုံးပေါက်ကွဲမှုများလည်း မကြာခဏ ဖြစ်ပွားသောကြောင့် မြို့တွင်းလုံခြုံရေးများကို စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များက တင်းကြပ် လုပ်ဆောင်လျက်ရှိသည်။