Home သတင်း တောင်သုံးလုံး BGF စခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသားများ ဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်

တောင်သုံးလုံး BGF စခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသားများ ဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်

944
Photo: CJ

ဩဂုတ် ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြောက်ပိုင်း ဒေါနတောင် လမ်းဟောင်းနှင့်အောက်ဘိုတဲ လမ်းပိုင်းနေရာအကြားရှိ တောင်သုံးလုံး နယ်ခြားစောင့်တပ်-BGFနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်စခန်း တိုက်ခိုက်မှုခံရပြီးနောက်ပိုင်း အဆိုပါ စစ်စခန်းရှေ့ လမ်းမအား ပိတ်ထားပြီး ဒေသခံများ ဖြတ်သန်းသွားလာပါက ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများက ပြောသည်။

ဒေါနတောင် လမ်းဟောင်းနှင့်အောက်ဘိုတဲ လမ်းပိုင်းရှိ ၎င်းတောင်သုံးလုံးစခန်းအား သြဂုတ် ၁၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ လာရောက်တိုက်ခိုက်မှုခံရပြီးနောက် ထိုလမ်းအား ပိတ်ထားလိုက်သည့်အတွက် လှိုင်စိမ်း၊ စော်ဟဲ၊ ကောင်းမှု၊ ရန်ကုတ် နှင့် အောက်ဘိုတဲစသည့် ကျေးရွာ ၅ ရွာမှ ဒေသခံရွာသားများသည် ပျိုးထောင်လယ်စိုက်ချိန် ကျွဲနွားထွန်စက်များ ပစ်ထားခဲ့ပြီး နေရပ်စွန့်ခွာ ရှောင်တိမ်းနေထိုင်နေကြရကြောင်း ဒေသခံ ရွာသားများက ပြောသည်။

“ရွာတွေက စပါးပျိုးထောင်ထားတုန်း၊ ကျွဲတွေနွားတွေ၊ ထွေလာတွေ လယ်ထွန်နေတုန်းပဲရှိသေးတယ်၊ တိုက်ပွဲ ပြန်ဖြစ်လက်နက်ကြီးပစ်တော့ ရွာတွေအကုန်ပြေးရပြန်ပြီ၊ တောင်သုံးလုံးလမ်းကို ဖြတ်သွားရင်သွားတဲ့ ပစ်သတ်မယ်၊ အဲစခန်းက အခုရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းက အတူနေနေရတဲ့ BGF တွေ ရွာထဲ ပြန်ရင် ရွာထဲဘက် လက်နက်ကြီး ပစ်ထည့်မယ် ပြောတယ်ဆိုတော့ သူတို့ BGF မိသားစုတွေပါ ပြေးရှောင်နေရတယ်၊ အခုက ဘုန်းကြီးကျောင်းတွေဘက်မှာ သွားပြီး စုနေစုရှောင်ကြရတယ်၊ လယ်တွေလည်း စိုက်လက်စတန်းလန်းထားခဲ့ရတယ်၊ ပျိုးထောင်ထားတဲ့ စပါးတွေလည်း ကျွဲနွား၀င်စားလို့ကုန်ပြီ။”ဟု ပြောသည်။

သြဂုတ်လ ၁၅ ရက်က ကော့ကရိတ်မြို့ရဲစခန်း ၂ ခု တိုက်ခိုက်ခံရသည့်နောက်ပိုင်း KNLA တပ်ဖွဲ့များနှင့် ကော့ကရိတ်မြို့ တောင်ပိုင်း/မြောက်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းများ နယ်ကျော်၀င်ရောက်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီလေကြောင်း ကင်းထောက်မှုများ၊ လက်နက်ကြီးကျေးရွာများဘက်ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံရွာသားများ ထိခိုက်သေဆုံးမှုနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိသလို လျှပ်စစ်မီးတိုင်များ ပျက်စီးမှုကြောင့် ဓါတ်အားပြတ်တောက်မှုများ ကြုံတွေ့နေကြရကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ ဒေါနတောင်လမ်းဟောင်း အောက်ဘိုတဲလမ်းပိုင်းအား ဖြတ်သန်း သွားလာခွင့် ပိတ်ထားသလို ကော့ကရိတ်မြို့သို့ သွားလာ၀င်ထွက်ရန် မြို့အ၀င်လမ်းများ ပိတ်ထားသည့်အတွက် ကော့ကရိတ်မြောက်ပိုင်း ကျေးရွာများမှ စားသောက်စရာနှင့် စက်သုံးဆီ ပြတ်လပ်မှုများနှင့် ကြုံတွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ၎င်းတို့ ကျေးရွာများဘက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုမြင့်တက်နေကြပြီး ကျေးရွာလမ်းပိုင်းများ အနီး၀န်းကျင်နေရာများတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများထောင်ထားသည့်အတွက် ဒေသနေရပ်များအတွင်း သွားလာမှုမလုပ်ရဲကြသေးကြောင်း ဒေသခံများက ပြောသည်။

Photo: CJ