Home သတင်း ကော်သူးလေတပ်မတော်စာတမ်းပါ တူညီရင်ဘတ်တံဆိပ်များကို DKBA တပ်ဖွဲ့ဝင်တချို့ စတင်အသုံးပြု

ကော်သူးလေတပ်မတော်စာတမ်းပါ တူညီရင်ဘတ်တံဆိပ်များကို DKBA တပ်ဖွဲ့ဝင်တချို့ စတင်အသုံးပြု

1298
Photo: Crd.

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင့်လက်နက်ကိုင်အကြား ပြန်လည်ပေါင်းစည်းညီညွတ်ရေး ကနဦး ခြေလှမ်းအနေဖြင့် ကော်သူးလေ တပ်မတော်(KawthooLei Armed Forces) စာတမ်းပါ တူညီရင်ဘတ်တံဆိပ်များကို ယခုလမှစ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်သွားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင် များအကြား တရားဝင် စတင်အသုံး ပြုနေပြီးဖြစ်ကြောင်း DKBA ခေါင်းဆောင်များဘက်က အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကေအဲန်ယူဘက်မှ DKBA ဌာနချုပ်ကို အဆိုပါ ရင်ဘတ်တံဆိပ်များကို ပေးပို့လိုက် ခြင်းဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ယခုလို တပ်ဆင်ဝတ်ဆင်လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ DKBA တပ်မှူးခေါင်းဆောင်တစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ စစ်ဦးစီးချုပ်ကိုတော့ သေ့ဘောဘိုးကနေ ပို့ပေးလာတယ်။ သူကတော့ တပ်မတပ်တော့မသိဘူး။ ကျနော်ကတော့ ဗုဒ္ဓဟူးနေ့(ဩဂုတ် ၁၇ရက်)ကတည်းက စပြီးတပ်တာပဲ။ ဒါက ညီညွတ်ရေးပဲဆိုတော့ဘာမှ မဖြစ်ဘူးလေ။ အခုက ဒေါနအရှေ့ခြမ်းက ကျနော်တို့ အဖွဲ့တွေကတော့ တော်တော်များများတပ်ကုန်ပြီး။ အကုန်တော့ မတပ်သေးဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိကာလတွင် ဒေါနအရှေ့ခြမ်း DKBA တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဗဟိုတပ်မဟာတပ်ဖွဲ့ဝင် များအနေဖြင့် စတင်တပ်ဆင်နေပြီး ဖြစ်သလို အဆိုပါ ရင်ဘတ်တံဆိပ်မှာ မလောက်သေးသောကြောင့် အသစ်ထပ်မံရိုက်နှိပ်နေရကြောင်းနှင့် စည်းလုံးညီညွတ်မှုအတွက် လက်တွေ့လုပ်ခြင်းသာဖြစ်ကြောင်းလည်း အဆိုပါ တပ်မှူးခေါင်းဆောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်နေ့က KNU -ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီပါဝင်သည့် KNLA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်သည့် DKBA ထိပ်ပိုင်းခေါင်းဆောင်တို့ တွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ပြီး ပြန်လည်ပေါင်းစည်းအရေး အပါအဝင် နှစ်ဖက်သဘောတူညီချက် ၅ ချက် သဘောတူညီခဲ့ သည်။

အဆိုပါ သဘောတူညီချက် ၅ ချက်တွင် နှစ်ဖွဲ့အကြား ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်အားဖြင့် သဘောတူ ညီခဲ့ကြပြီး ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက်အောက်ခြေစစ်သားများကို ယာယီ အမှတ်တံဆိပ်တစ်ခု ညှိနှိုင်းတပ်ဆင်သွားရန်လည်း ဆုံးဖြတ်ထားသည်။

အဆိုပါ ပြန်လည်ပေါင်းစည်းရေး ကနဦး ခြေလှမ်းအနေဖြင့် တပ်ဆင်သည့် ထိုရင်ဘတ်တံဆိပ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ကရင်အမျိုးသားအာဇာနည်နေ့တွင် KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲမှ စတင်ဝတ်ဆင်ခဲ့ပြီး အလားတူ လေးကေကော်ဒေသတွင် ကော်ဘရာ စစ်ကြောင်းကို ဦးဆောင်နေသည့် စစ်ကြောင်းမှူး ဗိုလ်ဒဘောလည်း ဝတ်ဆင်ပြခဲ့ကြောင်း တွေ့ရသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌လည်း ကော်သူးလေတပ်မတော်(Kaw Thoo Lei Army) ဖွဲ့စည်း လိုက် ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ မှ စာထုတ်ပြန် ကြေညာလိုက်ပြီး ကရင်လူထုအကြားတွင်လည်း ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့သေးသည်။

ကရင်လက်နက်ကိုင်များဖြစ်သည့် KNLA၊ KNDO၊ DKBA နှင့် KNU/KNLA-PC စသည့် အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်း၍ ကော်သူးလေတပ်မတော် (Kawthoolei Armed Forces-KAF) ကို ဖွဲ့စည်းကြောင်း သဘောတူညီချက် ၆ ချက်ပါ ဆုံးဖြတ်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က အဆိုပါ အဖွဲ့အစည်း အသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်များက လက်မှတ်ထိုး ထုတ်ပြန်ခဲ့ဖူးသည်။

သို့သော် စာထုတ်ပြန်မှုနောက်ပိုင်း ပြန်လည်ပေါင်းစည်း အကောင်အထည်ဖော်မှုအနေဖြင့် နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေး တွေ့ဆုံမှုအဆင့်ထိသာ ပြုလုပ်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း ရင်ဘတ် တံဆိပ်တပ်ဆင်မှုတွင် KNU/KNLA-PC မှ ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။