Home သတင်း တစ်ရက်တာ ပြုလုပ်သည့် လူငယ်နှီးနှောဖလှယ်ပွဲ၌ လူငယ် ၁၅၀ကျော် တက်ရောက်ခဲ့

တစ်ရက်တာ ပြုလုပ်သည့် လူငယ်နှီးနှောဖလှယ်ပွဲ၌ လူငယ် ၁၅၀ကျော် တက်ရောက်ခဲ့

1184

ဩဂုတ်လ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ လန်းဖားကျေးရွာတွင် လူငယ်နှီးနှောဖလှယ်ပွဲကို ဩဂုတ်လ ၂၈ရက်(ယနေ့) ကျင်းပပြုလုပ်ခဲ့ရာ လူငယ်လူရွယ် ၁၅၀ဦးကျော် ပါဝင်တက် ရောက်ခဲ့ကြသည်။

လန်းဖားကျေးရွာအုပ်စုရှိ လန်းဖား၊ ကော့ဆိုင်နှင့် ပိန္နဲကုန်းကျေးရွာများမှ လူငယ်မောင်မယ်များ တက်ရောက်ခဲ့သည့် အဆိုပါနှီးနှောဖလှယ်ပွဲတွင် လူငယ်များအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို အချင်းချင်းဖလှယ်ကာ ပြင်ဆင်သင့် သည်များကို ပြင်ဆင်နိုင်ရန်အတွက် ယခုလို နှီးနှောဖလှယ်ပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ဦးဆောင်သူများက ကေအိုင် စီသို့ ပြောဆိုသည်။

“ရည်ရွယ်ချက်က လူငယ်တွေကို သူတို့ရဲ့ ဘာတွေလိုအပ်နေလဲ။ လိုအပ်နေတဲ့အရာကို ဘယ်လို ပြင်ဆင်လုပ်ဆောင် သွားရမလဲဆိုတာနဲ့ ဒီနှီးနှောဖလှယ်ပွဲကနေ အတွေးအခေါ်တွေ ရရှိသွားစေချင်လို့ ကျင်းပရခြင်းဖြစ်တယ်။”ဟု ဦးဆောင်သူအထဲတွင် ပါဝင်သည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

တစ်ရက်တာ ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် ခေါင်းဆောင်ကောင်းများ၏ အမူအကျင့်များ၊ လူငယ်နှင့်နိုင်ငံရေး၊ မူးယစ်ဆေးဝါး၊ ပညာရေး၊ အမျိုးသမီးနှင့် ကရင့်သမိုင်း စသည့်အကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

ပါဝင်တက်ရောက်သူ CDM လူငယ်ကျောင်းဆရာတစ်ဦးက “ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်မှာ လိုအပ်တဲ့ တစ်ထောင့်တစ် နေရာမှာ ပါဝင်မှ ကိုယ်လိုချင်တဲ့ တော်လှန်ရေးခရီးကို အောင်မြင်နိုင်တဲ့ အသိတရား ရသွားတယ်။ လူငယ်တွေ ရှိသင့်ရှိ ထိုက်တဲ့ ပညာရပ်တွေ ဘာဆက်လက်လေ့လာရမလဲဆိုတာ အသိတွေဝင်အောင် ပညာတွေ ဖြန့်ဝေဖို့ ရှိတယ်။”ဟု ပြောသည်။

လူငယ်များ၏စွမ်းအားသည် အမြင့်ဆုံးဖြစ်ကြောင်း၊ တိုးတက်ကောင်းမွန်သည့် အနာဂတ်များကို ပုံဖော်လုပ်ဆောင်သွား မည့်အပြင် နောင်တစ်ခေတ်တွင် အနာဂတ်ခေါင်းဆောင်ဖြစ်ရန် လိုအပ်သည့်စွမ်းအင်များဖြည့်စွက်ကာ အရည်အချင်း ပြည့်ဝသည့် လူငယ်များဖြစ်စေရေး ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု တက်ရောက်လာသူများက ပြောဆိုခဲ့ကြသည်။