ဩဂုတ် ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရက်ရှည်ကြာ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်သောကြောင့် အောက်ဆီဂျင် စက်ရုံများတွင် အောက်ဆီဂျင်အရည်မဖြည့်ပေးနိုင်တော့ဘဲ အောက်ဆီဂျင်အိုးများ ပြတ်လပ်နေကြောင်း မြို့ခံများက ပြောသည်။
မြဝတီ မြို့တွင် အခုရက်ပိုင်းအတွင်း မီးပြတ်လပ်မှုများရှိနေကြောင့် အောက်ဆီဂျင်စက်ရုံက အရည် ပုံမှန်မဖြည့်နိုင်တော့ဘဲ ပရဟိတ လုပ်ကိုင်သူများအနေဖြင့် အောက်ဆီဂျင်အိုးများ မဖြည့်ပေးနိုင်သည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက”မီးတွေပျက်နေလို့အောက်ဆီဂျင်စက်ရုံက အရည်ဖြည့်မပေးနိုင်လို့ မဲဆောက်သွားဖြည့်ရတယ်။ ၄၀ တစ်လီတာအိုးကို ၃၀,၀၀၀ ကျပ်အထိပေးရတယ်။ အခက်အခဲက ရှိတာပေါ့၊ အရည်ဖြည့်ရင် ချက်ချင်းမရဘူး။ ၅ ရက်အထိစောင့်ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိမြဝတီမြို့တွင် မီးများ ပြတ်တောက်သဖြင့် အောက်ဆီဂျင်အိုးများပြတ်လပ်သည့်အပြင် မြို့ခံများ အနေဖြင့်လည်း မီးပျက်မှုကြောင့် တစ်နေ့တာနေထိုင်စားသောက်မှုအခက်အခဲကိုလည်း ရင်ဆိုင်ဖြေရှင်း နေရကြောင်း ပြောဆိုကြသည်။
မြဝတီမြို့ခံတစ်ဦးက “မီးပျက်တာကတော့တော်တော် ကြာပြီး။ တပတ်နီးပါးလောက်ရှိပြီး။ ဖုန်းအားဆိုလည်း မရှိဘူး၊ ဂက်စ်တွေနဲ့သုံးရတာပေါ့၊ ထမင်းအိုးချက်တဲ့ အခါတို့ လျှပ်စစ်မီးနဲ့ဆိုတော့အဆင်ပြေတာပေါ့။ ဂက်စ်အိုးမရှိတဲ့အိမ်တွေဆို ထင်းမီးသွေးပြောင်းသုံးရတာပေါ့၊ အလုပ်အကိုင် အကြပ်တည်းကာလမှာ အဲ့လိုတွေသုံးရတော့ အပိုဝင်ငွေကုန်တာပေါ့၊ အဆင်ဘယ်ပြေမလဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ၂၀ ရက် ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးရှိ ဓာတ်အားပေး တာဝါတိုင်ဖြစ်သော တာဝါတိုင်အမှတ် ၁၇၂နှင့် အမှတ် ၁၇၃ တို့ ဖျက်ဆီးခံရသောကြောင့် မြို့နယ် ၃ခုတွင် လျှပ်စစ်ဓာတ်အားပေးပြတ်တောက်ခဲ့ရသည်ဟု သိရသည်။ ယခုလို မီးပြတ်တောက်သွား၍ မြဝတီ မြို့နယ်အပြင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုးတို့ဘက်တွင်လည်း နေထိုင်စားသောက်ရေး အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။



















