ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့အတွင်းရှိ ကရင်အများစုနေထိုင်ရာ မေတ္တာရပ် ကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တစ်ဖက်သတ် လျှပ်စစ်မီး ဖြတ်တောက်ခံရမှု ကြုံတွေ့နေရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ကျောက်ကြီးမြို့တွင် ရပ်ကွက် ၇ ခုရှိသည့်အနက် ကရင်အများစုသာနေထိုင်သည့် မေတ္တာရပ်ကွက်မှလွဲ၍ ကျန်ရပ်ကွက်များကို လျှပ်စစ်မီးပေးဝေမှုများရှိနေသော်လည်း မေတ္တာရပ်ကွက်ကိုမူအကြောင်းပြချက် မရှိ လျှပ်စစ်မီးဖြတ်တောက်ခံနေရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ယခုလိုပြောသည်။
“၂၄ ရက်နေ့ညက စဖြစ်တာပေါ့။ အခုချိန်ထိမလာသေးဘူး။ ပြီးရင်တခြားရပ်ကွက်တွေက လာတယ်လေ။ မေးကြည့်တော့လည်းအထက်က ဖြတ်ခိုင်းတာပါ ဆရာတို့ သိပါတယ်အဲ့လိုပဲ ပြောတာ။ ဖြတ်တဲ့ ညမှာတုန်းက လည်း သူတို့(စစ်တပ်)က လူမရှိတဲ့အိမ်ကို ခြံစည်းရိုးဖျက်ပြီးတော့ တစ်ညဝင်အိပ်သွားသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ လျှပ်စစ်မီးဖြတ်တောက်ခံရမှုကြောင့် ကျောင်းနေကလေးငယ်များအတွက် စာလေ့လာသင်ယူရန် အခက် အခဲများရင်ဆိုင်နေရသလို ညဘက် မလုံခြုံမှုများအပြင် နေထိုင်ချက်ပြုတ်ရေးအတွက်ပါ အခက်အခဲ ကြုံလာနေရ ကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူက ဆက်ပြောသည်။
“ညအမှောင်မှာက ကျနော်တို့အတွက် မလုံခြုံဘူးဆိုတဲ့ဟာမျိုးပေါ့ သူတို့(စစ်တပ်)ကလည်း ညဘက်လိုက်သွား တာမျိုးရှိတာကိုး။ ရပ်ကွက်ထဲ ဘာလုပ်သွားမလဲ ဆိုတာမျိုးလည်း မသိရဘူးပေါ့။ ဒီအခြေအနေမှာက ဘာမှ မမြင်ရဘူး အဲ့လိုဖြစ်တာပေါ့။ ကျနော်တို့ ကြောက်ကြောက်နဲ့ပဲ ညအိပ်ရတာပေါ့။ ခွေးဟောင်ရင် ထထ ချောင်းကြည့်ရတာမျိုးရှိတယ်” ဟု ၎င်းရပ်ကွက်နေ ပြည်သူက ဖြည့်စွက်ပြောသည်။

ကျောက်ကြီးမြို့တွင် ပဲခူး၊ တောင်ငူတန်း၊ သိမ်တန်း၊ ဆားတန်း၊ ကတ်ကြေး နှင့် မေတ္တာစသည့် ရပ်ကွက် (၇) ခုရှိပြီး မေတ္တာရပ်ကွက်တွင် အိမ်ခြေလေးရာကျော်ရှိကာ ကရင်လူမျိုးအများစုနေထိုင်ကြသည်။ ကျန်ရပ်ကွက် များတွင်မူ ဗမာအများစုနှင့် အခြားတိုင်းရင်းသားအနည်းငယ်နေထိုင်ကြပြီး လက်ရှိ လျှပ်စစ်မီးဖြတ်တောက်မှု တွင် လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် ပုံစံဖြင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သည့် အသွင်ဆောင်နေကြောင်း လည်း ရပ်ကွက်နေ ပြည်သူများက ယူဆကြသည်။
“ဒီမှာဖြစ်တဲ့ အခြေအနေတွေမှာသူတို့လည်း စိတ်ရှုပ်တာတွေရှိမှာပေါ့။ ရွာတွေမှာလည်း ဟိုပစ်ဒီပစ်တာတွေရှိ တယ်။ ဒီမှာလည်း ဒရုန်းနဲ့ လာပစ်တာတွေရှိတယ်။ အဲ့တော့ ကရင်ရပ်ကွက်နဲ့ ဒီလူတွေနဲ့က တစ်နည်းတစ်ဖုံ ဆက်စပ်မှုတွေ ရှိတယ်လို့ ယူဆပုံရပါတယ်။ အခုလည်း ကျနော်တို့ ရပ်ကွက်တစ်ခုပဲ လာပြီး ဧည့်စာရင်းတွေ စစ်တယ်။ ကျန်တဲ့ ရပ်ကွက်တွေမစစ်ဘူး။” ဟု ဖော်ပြပါ ရပ်ကွက်နေ ပြည်သူ သုံးသပ်ပြောဆိုသည်။
ယခုလို လျှပ်စစ်မီး ဖြတ်တောက်ခံရမှုကြောင့် မေတ္တာရပ်ကွက်အတွင်း ဖောက်ထွင်းခိုးယူသူများ ရှိလာမည်ကို ရပ်ကွက်နေ ပြည်သူများက စိုးရိမ်လျက်ရှိသည်။
ပြီးခဲ့သည့် လပိုင်အနည်းငယ်တွင် ကျောက်ကြီးမြို့အပါအဝင် အနီးအနားရှိ ကျေးရွာများတွင် စစ်ကောင်စီ နှင့် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ကူများပါ အသုံးပြု တိုက်ခိုက်ခဲ့မှု ပြုလုပ်ခဲ့သည်။
ယနေ့အချိန်ထိလည်း ကျေးရွာတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဘေးရှောင်နေရသည့် ကျေးရွာများတွင်လည်း နေအိမ်ဖောက်ထွင်းခံရမှုများရှိနေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။



















